ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲအနောက်ခြမ်း၊ ကောင်းဆောင်ကျေးရွာတွင် ရွေးတုအစိုးရစစ်တပ်၏ လေတပ်က ယမန်နေ့ အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းက အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ နှစ် ဦး သေဆုံးကာ ၏လေး ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မိုးဗြဲဒေသအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ရွေးတုအစိုးရစစ်တပ်ဘက်မှ အထိနာနေခြင်းကြောင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာနေခြင်း ဖြစ်သည်။

“မနေ့က နေ့ခင်းတစ်နာရီဝန်းကျင်လောက်မှ ကောင်းဆုံဆိုတဲ့ မိုးဗြဲအနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတစ်ခု ပေါ့နော်။ အဲ့မှာ စိုက်တောင်သူ ပြောင်းတွေ ရောင်းဝယ်တဲ့အချိန်မှာ ဗုံးလာကြဲခြင်းခံရတယ်။ သိရသလောက်ကတော့ နှစ်ဦးက ပွဲချင်းပြီးသေတယ်။ လေးဦးကတော့ တော်တော် ပြင်းထန်ဒဏ်ရာ ရတယ်လို့ အကြမ်းဖျဉ်း သိထားပါတယ်” ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရစစ်တပ်သည် မိုးဗြဲ – နန်းမယ်ခုံ လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုး နေသည့်အတွက် လက်ရှိတွင် မိုးဗြဲ – ဖယ်ခုံဒေသအတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်း ဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားနေကာ တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရမိမှုများလည်း ရှိနေကြောင်း သိရသည်။

ကရင်နီဒေသအတွင်းသို့ ရွေးတုအစိုးရစစ်တပ်သည် လေကြောင်းမှ ဒရုန်းများနှင့် တိုက်လေယာဉ်များကို အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခြင်းများကို အဓိကထား လုပ်ဆောင်နေသည်။ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သား သေဆုံးသူ ၁၄ ဦးနှင့်အထက် ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၄၇ ဦးနှင့်အထက် ရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KNHRG) ထံမှ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)