ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်အတွင်း မိုးဗြဲ-နန်းမယ်ခုံ လမ်းမကြီးအား ပြန်လည်ထိန်းချုပ်ရန် ထိုးစစ်ဆင်လာသည့် ရွေးတုအစိုးရ စစ်တပ်စစ်ကြောင်းမှာ အောက်တိုဘာ ၇ ရက်က လွယ်ယင်းတောင်ခြေ၌ ကရင်နီပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံရပြီး စစ်တပ်ဘက်မှ အထိနာကာ ထိခိုက်သေဆုံးသူ အများအပြား ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တပ်က အဆိုပါနယ်မြေကို (၅) ကြိမ်မြောက် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး လွယ်ဝိုင်းနှင့် လွယ်ယင်းမင်္ဂလာကျေးရွာတို့မှတစ်ဆင့် နန်းမယ်ခုံအနီး ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူရန် ကြိုးပမ်းစဉ် လွယ်ယင်းတောင်ခြေ၌ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
“စစ်တပ်ဘက်က သေတာ ၇၀ ကျော်လောက်ရှိမယ်။ ဖမ်းမိတာလည်းရှိတယ်။ အသေးစိတ်မသိရသေးဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း အထိနာသွားသည့် စစ်တပ်သည် လေကြောင်းမှ ဗုံးကြဲပစ်ကူယူ၍ ဆုတ်ခွာခဲ့ရပြီး အဆိုပါဆုတ်ခွာစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက်၍ လိုက်လံတိုက်ခိုက်ရာ စစ်တပ်၏ ကာကင်းစခန်းအချို့ကို သိမ်းဆည်းနိုင်ခဲ့သည်။ ထို့ပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသူများပါ ရှိကြောင်း သိရသည်။
မြေပြင်တွင် အထိနာသွားသည့် စစ်တပ်သည် အောက်တိုဘာ ၈ ရက်မှစ၍ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်နှင့် အသေခံဒရုန်းများ အသုံးပြုကာ ညပိုင်းအထိ အနည်းဆုံး (၅) ကြိမ်ထက်မနည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းအထိလည်း ကင်းထောက်ဒရုန်းများ ပျံဝဲနေကာ တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
စစ်တပ်၏ လေကြောင်းမှ ရမ်းသန်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၈ ရက်နေ့က ဒေသခံ အရပ်သား နှစ် ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
မိုးဗြဲနှင့် အနီးဝန်းကျင်ဒေသခံများအနေဖြင့် စစ်တပ်၏ လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြရန် တော်လှန်ရေးအဖွဲ့အစည်းများက သတိပေးနှိုးဆော်ထားသည်။