ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်
ပြည်တွင်း၌ ပြည်သူ့စစ်မှုထမ်းအတွက် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်နေချိန်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များနှင့် စစ်အာဏာ သိမ်းမှုကြောင့် နေရပ်စွန့်ခွာရသူများကို ပြန်လည်ခေါ်ယူနေခြင်းမှာ ရွေးတုသမ္မတမင်းအောင်လှိုင်၏ မိဘက သားသမီးအပေါ် ထားရှိသည့် မေတ္တာတရားကြောင့်ဖြစ်ကြောင်း ရွေးတုအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားလိုက်သည်။
မြန်မာဒုက္ခသည်များ ပြန်လည်ခေါ်ယူရန် တောင်းဆိုမှုအပါအဝင် နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးရန် အတွက် အာဏာသိမ်း ရွေးတုသမ္မတ မင်းအောင်လှိုင်သည် အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံသို့ နှစ်ရက်တာ သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အပြီးတွင် ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ယခုကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
“တကယ်တော့ ကျွန်မတို့ နိုင်ငံတော်သမ္မတကြီးရဲ့ ကိုယ့်နိုင်ငံသားတွေအပေါ်မှာ ထားရှိတဲ့ မေတ္တာ စေတနာ၊ တစ်နည်းအားဖြင့် မိဘက သားသမီးအပေါ်မှာထားတဲ့ မေတ္တာနဲ့ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ် တွေလို့ မှတ်ယူလို့ရပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုးက မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ခဲ့သည်။
ထို့အပြင် စိစစ်ပြီးသော မြန်မာနိုင်ငံသားများကို ဆက်လက်ခေါ်ယူရန် လူဦးရေ ၃,၀၀၀ ကျော် ကျန်ရှိ နေပြီး ရာသီဥတု ကောင်းမွန်သည့်အချိန်၌ ဆက်လက်ခေါ်ယူသွားရန် ရွေးတုသမ္မတက မလေးရှား အစိုးရနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ရွေးတုသမ္မတ၏ အဆိုပါခရီးစဉ်သည် အာဆီယံအဖွဲ့ဝင် ငါးနိုင်ငံမြောက်သို့ သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံ တကာ၏ ပိတ်ဆို့ဖယ်ကြဉ်ထားမှုမှ ပြန်လည်လွတ်မြောက်နိုင်ရန်အတွက် လူသားချင်းစာနာမှု ခေါင်းစဉ် တပ်ကာ ကြိုးပမ်းခြင်းသာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြပြောဆိုထားသည်။
ယင်းအပြင် လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် စစ်ရေးအထိနာမှုများကြောင့် တပ်အင်အား လိုအပ်ချက်နှင့် ရင်ဆိုင်နေရပြီး မြို့ပေါ်ဒေသများတွင် စစ်မှုထမ်းခေါ်ယူမှုကို လေးဆအထိ တိုးမြှင့်ကာ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာနေသဖြင့် ယခုကဲ့သို့ ပြန်လည်ခေါ်ယူမည့် မြန်မာဒုက္ခသည် များကိုပါ တပ်သားသစ်အဖြစ် ပြန်လည်အသုံးချရန် ရည်ရွယ်ချက် ရှိနေနိုင်ကြောင်း ဝေဖန် သုံးသပ်မှုများလည်း ရှိသည်။
ရွေးတုအစိုးရသည် လက်ရှိအချိန်အထိ မလေးရှားရောက် မြန်မာဒုက္ခသည်များအနက် လေယာဉ်စရိတ် မတတ်နိုင်သူ ၁,၄၇၆ ဦးကို စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး တို့သည် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပတ်သက်မှုရှိမရှိကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဝါဒဖြန့် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MOI