ရွှေပိုး/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

 

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ပြည်သူ့စစ်မှုထမ်းအတွက် လူဦးရေ တိုးမြှင့်ခေါ်ယူမှု များနှင့်အတူ အုပ်ချုပ်ရေးမှူးအဖွဲ့များက ပျူစောထီးအဖွဲ့များနှင့် လူမိုက်များ ပူးပေါင်းကာ လူငယ်များကို နည်းမျိုးစုံဖြင့် ငွေညှစ်ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

 

အဆိုပါ ဖမ်းဆီးမှုများကို တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ တာမွေ၊ သန်လျင်နှင့် ကျောက်တံတား စသည့်မြို့နယ်များတွင် အဓိကပြုလုပ်နေခြင်းဖြစ်ပြီး လိုက်လံစုံစမ်းသည့်အခါ “မူးယစ်ဆေးဝါးသုံးစွဲတွေ့ရှိ” ဆိုသည့် အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးငွေညှစ်နေခြင်း ဖြစ်သည်။

“ညမှောင်ပြီဆို အပြင်ကိုမထွက်ရဲတော့ဘူး။ ပြီးခဲ့တဲ့ရက်က သူငယ်ချင်းကို လမ်းထိပ်အုတ်ခုံမှာ ထိုင်နေတုန်း ဖမ်းသွားတယ်။ အခုက စစ်မှုထမ်းမလား၊ ထောင်ကျခံမလား ရွေးနေရပြီ။ ကိုယ့်ဘေးမှာ ကားထိုးရပ်ရင်ကို ကြောက်နေရတယ်” ဟု သာကေတမြို့နေ လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရွေးတုအစိုးရသည် တပ်သားသစ် စုဆောင်းမှုများကို ရပ်ကွက်တစ်ခုလျှင် ယခင်က လူငယ်နှစ်ဦးနှုန်း ခေါ်ယူနေရာမှ ရှစ်ဦးအထိ တိုးမြှင့်လိုက်ပြီး လာမည့် စစ်မှုထမ်းအမှတ်စဉ် (၂၉) အတွက် စတင်ရှာဖွေ ပေးရန် မြို့နယ်နှင့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားထားသည်။

 

စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်မှုများကြောင့် ရွေးတုအစိုးရသည် စစ်ရေးရှုံးနိမ့်နေ၍ ယခုကဲ့သို့ လူငယ်ဦးရေ တိုးမြှင့်ခေါ်ယူခြင်းဖြစ်ပြီး ထပ်မံဖွင့်လှစ်မည့် အမှတ်စဉ် သုံးခုစာအတွက်ပါ ရပ်ကွက် အလိုက် စာရင်းများ ကြိုတင်ပြုစုခိုင်းထားဟု အုပ်ချုပ်ရေးအဖွဲ့များနှင့် နီးစပ်သူထံမှ သိရသည်။

အလားတူ စမ်းချောင်း၊ ကမာရွတ်၊ ကျောက်တံတား၊ လှိုင်၊ အင်းစိန်နှင့် သင်္ဃန်းကျွန်း စသည့် မြို့နယ် ၁၀ မြို့နယ်တွင်လည်း ပြီးခဲ့သည့် တစ်ပတ်ကျော်အတွင်း လူငယ် ၃၄ ဦးထက်မနည်း မတရား ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း Rangoon Scout Network (RSN) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

“ကိုယ့်သားလူပျိုကို လမ်းထိပ်တောင် ဈေးဝယ်မလွှတ်ရဲဘူး။ ညနေ ၆ နာရီဆို အိမ်ထဲဝင်ပဲ။ ရန်ကုန်လိုမြို့ကြီးမှာ ည ၇ နာရီဆို လူခြေတိတ်သွားပြီ။ အခုကဖမ်းပြီး သေတွင်းတန်းပို့တာ။ ငွေတောင်းတာ တွေကလည်း ပေါ်ပေါ်ထင်ထင်ပဲ” ဟု တောင်ဒဂုံမြို့နေ မိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထိုသို့ စစ်မှုထမ်းခေါ်ယူမှု တိုးမြှင့်လုပ်ဆောင်နေခြင်းသည် လူငယ်များ တိမ်းရှောင်နေသဖြင့် ၎င်းတို့သတ်မှတ်ထားသည့် အင်အား ၅,၀၀၀ ပြည့်မီစေရန် ရန်ကုန်အပါအဝင် ထိန်းချုပ်ထားသော နယ်မြေများတွင် အဓိကထား စုဆောင်းနေခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ် ပြောကြားသည်။

 

ယင်းအပြင် လမ်းတွင်တွေ့သည့် လူများနှင့် အသက်မပြည့်သေးသော ကလေးငယ်များကိုပါ အတင်း အဓမ္မ ဖမ်းဆီးကာ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း အတုများပြုလုပ်၍ စစ်မှုထမ်းအဖြစ် ထည့်သွင်း နေကြကြောင်း အာဏာလုစစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်က ထုတ်ဖော်ဝန်ခံ ထားသည်။

 

ထို့အပြင် မကြာသေးမီက အမျိုးသမီးများကိုပါ အဓမ္မစစ်မှုထမ်း ခေါ်ဆောင်မည်ဆိုသည့် သတင်းများ ထွက်ပေါ်လာမှုကြောင့် မိဘများနှင့် မိန်းကလေးငယ်များအကြား စိုးရိမ်ပူပန်မှုများ ရှိနေပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မိဘများနှင့် မိန်းကလေးငယ်များကိုပါ ခြိမ်းခြောက်ငွေညှစ်တောင်းခံသည့် ဖြစ်စဉ်များလည်း ဆက် လက် ဖြစ်ပွားနေသည်။

 

“သတင်းစာတွေကနေ ပုံမှန် စစ်သမီး (အမျိုးသမီးတပ်သားသစ်) တွေ ခေါ်ယူနေတာတော့ရှိပါတယ်။ အမျိုးသမီး စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ဆိုတာတော့ မဖွင့်ပါဘူး၊ လေ့ကျင့်ရေး (၂) အတွင်းမှာလည်း သင်တန်းပေးဖို့ဆိုပြီး ရာထားတာမျိုး မရှိပါဘူး။ နဂိုကတည်းက သူဘာသာသူ အမျိုးသားစစ်မှုထမ်းနဲ့ ပြဿနာမျိုးစုံတက်နေတာ၊ အမျိုးသမီးစစ်မှုထမ်းသာ ထည့်လိုက်ရင် အမှုလိုက်ရှင်းနေရတာနဲ့ပဲ စစ်တောင် တိုက်လို့ရမှာမဟုတ်ပါဘူး။ လက်ရှိအချိန်ထိတော့ မခေါ်သေး ပါဘူး” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

 

ဓာတ်ပုံ-ရွေးတုအစိုးရစစ်တပ်