ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း ဦးသီဟဇော်သည် ရပ်ကွက်အတွင်း စစ်မှုထမ်းကြေးများ ဆက်တိုက်ကောက်ယူနေသည့်အပြင် စားအုန်းဆီများပါ ကိုယ်ကျိုးအတွက်ရောင်းစားနေကြောင်း ဒေသခံများက သတင်းရရှိသည်။
အုပ်ချုပ်ရေးမှူး ဦးသီဟဇော်သည် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဌာန်းချိန်မှစတင်ပြီး စစ်မှုထမ်းအကြောင်း ငွေတောင်းပြီး လူငယ်များကို ဖမ်းဆီး လူစားထိုးရောင်းစားမှုများပြုလုပ်နေသည့်အပြင် ဒေသခံများ၏ ခွဲတမ်းဖြစ်သည့် စားအုန်းဆီများကိုပါ မှောင်ခိုစျေးနှင့် အခြားစျေးဆိုင်းများသို့သွင်းကာ ရောင်းစားနေကြောင်း ဒေသခံများကပြောသည်။

“ဒီလူက ခြေပြတ်ပီး စစ်တပ်ထဲကထွက်လာပြီး အုပ်ချုပ်ရေးမှူးလုပ်နေတာ။ ပြည်သူတွေရဲ့ခွဲတမ်း စားအုန်းဆီတွေနဲ့စီးပွားရှာနေတာ။ ပြီးတော့ စစ်မှုထမ်းတွေ စခေါ်ကတည်း အကြောင်းအမျိုးမျိုးပြ ငွေတောင်းတာ။ မြို့နယ်ကလည်း ဘာမှမလုပ်ရဲဘူး။ အုပ်ကြီးပြုတ်မှာဆိုးလို့ ခုလဲ အထက်ကိုငွေပေးပြီးဆက်လုပ်နေတယ်” ဟု ကျုံပျော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်မှုထမ်းရန် အစားထိုးလူရှာဖွေရာတွင်လည်း ငွေကြေးပေးမည်ဟု ပြောဆိုပြီး ငွေကြေးအပြည့်ဝ မပေးဆောင်ပဲ သိန်းဆယ်ချီ ဖြတ်တောက်ယူနေကြောင်း ဒေသခံများကပြောဆိုသည်။
စစ်တပ်ကျောထောက်နောက်ခံဖြင့် ရပ်ကွက်အတွင်း လိုင်စင်မှမရှိသော တရားမဝင် KTV တစ်ခုကို ဖွင့်လှစ်ကာ စီးပွားရှာနေသည့်အပြင်၊ စစ်မှုထမ်းကြေးလစဉ်တောင်းပြီး စီးပွားဖြစ်နေသည်ဟု သိရသည်။

ထို့ပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်သည် အမှတ် ၄ ရပ်ကွက်ရှိ စာသင်ကျောင်းလမ်းကို ပိတ်ဆို့ကာ အဆောက်အအုံများ ဆောက်လုပ်ထားသည့်အတွက် ဒေသခံပြည်သူများနှင့် ကျောင်းသူ၊ ကျောင်းသားများပါ သွားလာရေး ခက်ခဲနေကြောင်း ဒေသခံများကပြောသည်။
၎င်းကို အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ ယခင်က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က လာရောက်စစ်ဆေးခဲ့ဖူးသော်လည်း၊ ငွေပေးကမ်းကာ အမှုဖျောက်၍ ဖြေရှင်းခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း ဦးသီဟဇော်