ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၉ ရက်
‎

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ပေါက်တော (ဝီရဌာနီ) ဒေသတို့တွင် အာရက္ခတပ်တော် (AA) နှင့် ရွေးတုအစိုးရစစ်တပ်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား လျက်ရှိပြီး နှစ်ရက်အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ ၂၀ ထက်မနည်း ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

AA သည် စစ်တွေမြို့ရှိ ပါဒလိတ်တပ်ရင်းအနီး၊ အမြင့်ကျွန်း၊ ကျားမသောက်တပ်ရင်း၊ တောကန်၊ နာရီကန်၊ ကံ့ကော်ကျွန်းနှင့် ရွှေမင်းဂံရေတပ်စခန်း ဝန်းကျင်တို့မှတစ်ဆင့် ထိုးစစ်ဆင်လျက်ရှိသည်။ ထို့ပြင် စစ်တွေမြို့ အနောက်ဘက်ရှိ ရေချမ်းပြင်နှင့် ကြွီတဲအနီးတို့တွင်လည်း စစ်မျက်နှာသစ်များ ဖွင့်လှစ်ကာ တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လျက်ရှိသည်။
‎

“မြို့တော်စစ်တွေရဲ့ အရှေ့ဘက် ကံ့ကော်ကျွန်း၊ အနောက်ဘက် ရေချမ်းပြင်၊ တောင်ဘက် ရွှေမင်းဂံ၊ မြောက်ဘက် အမြင့်ကျွန်းတစ်ဘက်ကမ်းတို့ကို AA က ပိတ်ဆို့ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီအခြေအနေတွေရှိလာမှာဖြစ်လို့ စစ်တပ်က လက်နက်တပ်ရင်းက ခဲယမ်း၊ လက်နက်တွေအကုန်ရွှေ့ထားတယ်လို့ သိရပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းမှ ညပိုင်းအထိ တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့သော အမြင့် ကျွန်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၂၀ ထက်မနည်း ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

ထိခိုက်သေဆုံးမှု များပြားခဲ့သည့် စစ်တပ်သည် ပေါက်တောနှင့် ပုဏ္ဏားကျွန်းဘက်သို့ လေယာဉ် အုပ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို စစ်သင်္ဘောများနှင့် Y-12 လေယာဉ်များကိုပါ အသုံးပြုကာ ပစ်ခတ်ခဲ့သည်။
‎

ရွှေမင်းဂံရေတပ်စခန်းမှ ထိခိုက်မှုများပြားလာသည့် စစ်တပ်သည် ပေါက်တောမြို့နယ်ရှိ ငပြီကျွန်းသို့ ကမ်း တက်ရန် ကြိုးပမ်းခဲ့သော်လည်း အောက်တိုဘာ ၈ ရက်တွင် ကမ်းသို့ နီးကပ်စွာ ကပ်ရောက် နိုင်ခြင်းမရှိတော့ဘဲ အဝေးမှသာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေရသည်။ ငပြီကျွန်းပေါ်သို့ တက်ရောက် လာသည့် ရွေးတုအစိုးရ စစ်တပ် တပ်ဖွဲ့ဝင်များကို AA ဘက်မှ လိုက်လံရှင်းလင်းခဲ့ကြောင်း သိရသည်။

 

ငပြီကျွန်းကို ကမ်းကပ်ရန်ကြိုးပမ်းခဲ့သည့် စစ်တပ်၏ စစ်သင်္ဘောနှစ်စီးကို AA က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိမှန်ပြီး မီးခိုးအူကာ ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသတွင်းသတင်းများထံမှ သိရသည်။

 

ထို့အပြင် စစ်တပ်၏ အဓိက ရေတပ်ထောက်ပံ့ရေးစခန်းကြီးဖြစ်သော ရွှေမင်းဂံရေတပ်စခန်းကို AA က ကံ့ကော်ကျွန်း၊ ဇော်မတက်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာတို့ဘက်မှ ဝန်းရံတိုက်ခိုက်နေခြင်း ဖြစ်သည်။ ထို့ပြင် ရေချမ်းပြင်တပ်နယ်အနီးရှိ အမှတ် (၁၇) တပ်မတော်ဆေးရုံ (ကုတင် ၁၀၀) နှင့် အမှတ် (၃၄၃) စစ်လက်နက် ပစ္စည်းတပ်ခွဲတို့အထိ AA က ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။
‎

အာရက္ခတပ်တော် (AA) အနေဖြင့် ရေချမ်းပြင်တပ်နယ်နှင့် ဗန္ဓုလလမ်းဆုံတို့ကို ထိန်းချုပ်နိုင်ပါက စစ်တွေတပ်နယ်၏ ကုန်းလမ်းထောက်ပံ့ရေး လမ်းကြောင်းများ အပြတ်တောက်သွားနိုင်ကြောင်း CDM စစ်ဘက်ဆိုင်ရာ ပညာရှင်များက သုံးသပ်သည်။

 

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)