ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်
မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သော ဆွေးနွေးပွဲတွေနဲ့ အပြုသဘော ဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ဖို့ အရေးကြီးကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာ ဟင်က ရွေးတုသမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါတယ်။
ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မြှင့်တင်ဖို့အတွက် အာဆီယံမှတစ်ဆင့် မြန်မာနိုင်ငံနဲ့ ဆက်လက် ထိတွေ့ဆက်ဆံသွားမယ်လို့ သူက ဆိုပါတယ်။
“ဒီခရီးစဉ်နဲ့အတူ မလေးရှားက ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြှင့်တင်သွားမှာဖြစ်ပြီး နောက် ဆုံးမှာ ခွဲခြားဆက်ဆံမှုမရှိဘဲ အထူးသဖြင့် အာဆီယံ မူဘောင်အတွင်းကနေ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာအောင် ကျွန်တော်တို့ တတ်နိုင်သမျှ ဆောင်ရွက်ပေး မယ်လို့ ပြောချင်ပါတယ်” လို့ ၎င်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တင်းမာမှုတွေ မြင့်တက်နေခဲ့ တာ ဖြစ်ပါတယ်။
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ကျန်းမာရေးနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ နှစ်နိုင်ငံ သဘောတူခဲ့တယ်လို့ အန်ဝါက X လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀,၄၉၃ ဦးကို လေကြောင်းနဲ့ သင်္ဘောတွေအသုံးပြုပြီး ပြန်လည်လက်ခံခဲ့တဲ့အတွက် မြန်မာကို ၎င်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေရောက် မြန်မာနိုင်ငံသား ၃,၀၀၀ မှ ၄,၀၀၀ ခန့်ကို နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတွေရဲ့ စိစစ်မှုနဲ့ သဘောတူညီထားတဲ့ လုပ်ထုံးလုပ်နည်း တွေအတိုင်း နေရပ်ပြန်ပို့သွားမယ်လို့ သူက ဆိုပါတယ်။
မလေးရှား အာဏာပိုင်တွေက ဒီလိုပြန်ပို့တာဟာ ဆန္ဒအလျောက် ပြန်တာလို့ ပြောဆိုထားပေမဲ့ ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လုံခြုံပြီး ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ပို့ရေးအတွက် အ ဆင်မပြေသေးကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက သတိပေးထားပါတယ်။
Bernama သတင်းဌာနရဲ့ ဖော်ပြချက်အရ ကြာသပတေးနေ့ စောစောပိုင်းမှာ အန်ဝါဟာ မင်း အောင်လှိုင်ကို Perdana Putra မှာ ကြိုဆိုခဲ့ပြီး သီးသန့်တွေ့ဆုံမှုနဲ့ ကိုယ်စားလှယ်အဖွဲ့အဆင့် ဆွေး နွေးမှုတွေကို ပြုလုပ်ခဲ့တာပါ။
မလေးရှားနဲ့ မြန်မာနိုင်ငံဟာ ၁၉၅၈ ခုနှစ်မှာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်တွေ အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံနီးပါး ရှိခဲ့ပါတယ်။
News: Anadolu
Ref; Malaysia’s Anwar emphasizes ‘inclusive dialogue’ for Myanmar reconciliation in meeting with Min Aung Hlaing