**သတင်းဌာနသက်တမ်း ၁၀ နှစ်ပြည့် ကျေးဇူးတင်လွှာ**

သတင်းစာပညာဖြင့် ဧရာဝတီတိုင်းနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဧရာဝတီတိုင်းမ်သတင်းဌာနကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ စတင်တည်ထောင်ခဲ့ရာ ယနေ့တွင် ဌာနသက်တမ်း ၁၀ နှစ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

ဧရာဝတီတိုင်းမ်အနေဖြင့် စာဖတ်ပရိသတ်များ၏ အားပေးမှုကြောင့်သာ ယခုကဲ့သို့ ခက်ခဲကြမ်းတမ်းသော ၁၀ နှစ်တာခရီးလမ်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အားပေးဖတ်ရှုကြသော ပရိသတ်တစ်ဦးချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

ထို့ပြင် ဧရာဝတီတိုင်းမ်ကို လွတ်လပ်၍ အမှီအခိုကင်းသော သတင်းဌာနတစ်ခုအဖြစ် ရှင်သန်ရပ်တည်နိုင်စေရန် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းအသီးသီးကိုလည်း လေးနက်စွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီသည် ဧရာဝတီတိုင်းမ်သတင်းဌာန၏ အယ်ဒီတာတစ်ဦးနှင့် သတင်းထောက်တစ်ဦးတို့ကို ဖမ်းဆီးထောင်ချခြင်း၊ ကျန်ရှိသော အယ်ဒီတာများနှင့် သတင်းထောက်များကို ပုဒ်မအမျိုးမျိုးဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရန် ကြိုးပမ်းခြင်း၊ သတင်းဌာန၏ လုပ်ငန်းလိုင်စင်ကို ပိတ်သိမ်းခြင်း စသည့် ပြင်းထန်သော မီဒီယာဖိနှိပ်မှုများကို ကျူးလွန်ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းမ်အနေဖြင့် ပြင်းထန်ကြီးမားသော သတင်းမီဒီယာဖိနှိပ်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ကြောက်ရွံ့နောက်တွန့်ခြင်းမရှိဘဲ ဖိနှိပ်ခံ မြန်မာပြည်သူများနှင့်အတူရပ်တည်လျက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ပြန်လည်ထွန်းကားလာစေရန် သတင်းမီဒီယာကဏ္ဍမှတစ်ဆင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ရှေ့ဆက်၍လည်း ယခုထက်ပိုမိုအားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဌာနသက်တမ်း ၁၀ နှစ်ပြည့်မြောက်သည့် ဤအခါသမယတွင် ကျေးဇူးတင်လွှာနှင့်အတူ ထုတ်ပြန်ကြေညာအပ်ပါသည်။

ဧရာဝတီတိုင်းမ်သတင်းဌာန ဝိုင်းတော်သားများ