ကလေးဝမှာ နယ်မြေရဲစခန်းဝင်ရောက်စီနင်းခံရပြီး စခန်းမှူးအပါအဝင် ရဲ ၄ ဦးနဲ့ ရဲမိသားစုဝင် ၁ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေပါသွား

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၉ ရက်

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ မစိန်စံပြရွာမှာရှိတဲ့ မစိန်နယ်မြေရဲစခန်း စက်တင်ဘာလ ၁၈ ရက် မနေ့မနက် ၅ နာရီဝန်းကျင်မှာဝင်ရောက် စီးနင်းခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စစ်ကိုင်းရဲတပ်ဖွဲ့အသိုင်းအဝိုင်းဆီကသိရပါတယ်။

အဲ့ဒီလိုဝင်ရောက်စီးနင်းခံရလို့ စခန်းအတွင်းမှာရှိတဲ့ နယ် မြေရဲစခန်းမှူး ရဲအုပ်၊ အမျိုးသမီးရဲဝန်ထမ်း ၁ ဦးအပါ အဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ရဲဝန်ထမ်းမိသားစုဝင် ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

” မနေ့မနက်အစောကြီးဖြစ်ကြတာ။ စခန်းကရဲတွေ ရွာထဲမှာ ဓားထိုးမှုဖြစ်တယ်ကြားလို့သွားစစ်နေတုန်း စခန်းမှာလူနည်းနေတဲ့အချိန် ဝင်စီးခံလိုက်ရတာလို့သိရတယ်။ CDM ရဲက PDF ကိုသတင်းပေးလို့ဝင်စီးခံရတာလို့လည်းသူတို့ ပြောနေကြတယ်။ ရဲ ၄ ယောက်သေတယ်၊ နောက်သူတို့ ရဲမိသားစုဝင် ၁ ယောက်သေတယ်လို့သိရတယ် ” လို့

ကလေးဝဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီနယ်မြေ ရဲစခန်းဝင်ရောက်စီးနင်းခံရလို့ ရဲတပ်ဖွဲ့ဝင်တွေသေဆုံးပြီး လက်နက်ခဲယမ်းတချို့ပါသွားတာမှန်ကန်တယ်လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့အသိုင်း အဝိုင်းထံကသိရပါတယ်။

” နယ်မြေစခန်းမှူး ရဲအုပ်ပါကျသွားတာ၊ နောက် ရဲမေ ၁ ယောက်ကျတယ်၊ သူတို့ ၂ ယောက်လုံးက အဲ့ဒီစခန်းကိုပြောင်းလာတာမကြာသေးဘူးလို့သိရတယ်။ ကျတာကအားလုံးတပ်ဖွဲ့ဝင် ၄ ယောက်၊ လက်နက်ခဲယမ်းတချို့ပါသွားတယ်လို့သိရတယ်၊ အသေးစိတ်တော့မသိဘူး။ စခန်းကိုလည်းမီးရှို့သွားတယ်” လို့

စစ်ကိုင်းတိုင်းအတွင်းတာဝန်ထမ်းဆောင်ဆဲရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီစီးနင်းတိုက်ခိုက်မှုကိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တစုံတရာသတင်းထုတ်ပြန်တာမျိုးမရှိသေးသလို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာမသိရသေးပါဘူး။

ဓာတ်ပုံ – လူမှုကွန်ရက်(စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား မြင်တွေ့ရစဥ်။)

#Ayeyarwaddy_Times