
တိုက်ပွဲများအတွင်း လက်နက်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြသော စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းရှိနေကြောင်း AA ပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
မြန်မာ အာဏာသိမ်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား ယခုလပိုင်းအတွင်း တကျော့ပြန်တိုက်ပွဲပြန်လည် ဖြစ်ပွားနေစဉ် စစ်တပ်ဘက်မှ လက်နက်နှင့်တကွ ရက္ခိုင့်တပ်တော် – AA တပ်ဖွဲ့ထူံ လာရောက်ပူးပေါင်းသူ ၁ဝ ဦးထက်မနည်း ရှိနေကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
‘‘ပြီးခဲ့တဲ့ ရက်ပိုင်းက ပလက်ဝနယ်ဘက်မှာ စစ်တပ်ဘက်က ၁ဝ ဦးကျော် လက်နက်နဲ့ ပူးပေါင်းလာတယ်ဆိုတာ မဟုတ်ပေမယ့် တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားတဲ့အချိန်အတွင်း AA ဘက်ကို တခြားမြို့နယ်တွေအားလုံးပေါင်းရင် လက်နက်နဲ့ လာပူးပေါင်းသူ ၁ဝ ဦးကျော် ရှိပါတယ်။ နောက်ပိုင်း ပိုများဖို့လည်း ရှိပါတယ်။ ကျနော်တို့ကို ပူးပေါင်းဖို့ ဆက်သွယ်လာသူတွေ
အများအပြားလည်း ရှိပါတယ်’’ ဟု သူက ဆိုသည်။
ထို့အပြင် ရက္ခိုင့်တပ်တော်အနေဖြင့် စစ်ရေးဆိုင်ရာ အကျအဆုံးသတင်းများ၊ စစ်ဆင်ရေးသတင်းများနှင့် ရန်သူ့အကျအဆုံးသတင်းများအားလုံးကို အတိအလင်း မထုတ်ပြန်နိုင်ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။
ယခု ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် စစ်ကောင်စီတပ်သားများ အင်အားတိုးချဲ့မှု များစွာဖြစ်ပေါ်နေပြီး လက်ရှိအချိန်တွင် အဆိုပါမြို့နယ်များတွင် အင်အား တသောင်းဝန်းကျင်အထိ တိုးချဲ့ထားကြောင်း ၎င်းက ပြောသည်။
ဘူးသီးတောင်မှ မောင်တော သွားရာလမ်းတလျှောက်တွင် အာဏာသိမ်း စစ်တပ်ဘက်မှ တပ်စခန်းများကို တိုးချဲ့ပြီး တပ်ကင်းပုန်းများ ချထားရာတွင်လည်း လမ်းတလျှောက်တွင် တပ်စခန်းတခုလျှင် ယခင်က စစ်သား ၂ဝ ခန့်ကနေမှ ယခုတွင် တချို့နေရာများတွင် စစ်သား ၅ဝ ဝန်းကျင်အထိ တိုးမြှင့်ထားကြောင်း အဆိုပါဒေသရှိ ဒေသခံတချို့ထံမှ သိရသည်။
‘‘စစ်အင်အားတွေ တအားတိုးထားတယ်။ စစ်ရေးတင်းမာမှုကတော့ တအားမြင့်တက်နေတယ်။ နောက်ပြီး စစ်တွေမြို့မှာလဲ စစ်ဆေးရေးတွေ တအားလုပ်နေတယ်။ ရေလမ်း၊ ကုန်းလမ်း စတဲ့လမ်းကြောင်းတွေက စားနပ်ရိက္ခာ ရောင်းဝယ်ဖောက်ကားသူတွေကိုတောင်မှ တအားစစ်ဆေးတယ်။ တားမြစ်တာတွေလည်း ရှိတယ်။ ကုန်းလမ်းတချို့ကိုလည်း စစ်တပ်ဘက်က
ပိတ်ထားတော့ အဲ့ဒီဒေသခံတွေရဲ့ စားနပ်ရိက္ခာကလည်း တော်တော်လေး ခက်ခဲတာကို သိရပါတယ်’’ ဟု စစ်တွေမြို့ခံ စစ်ဘေးရှောင်များအတွက် ကူညီပေးနေသော အဖွဲ့အစည်းတခု၏ တာဝန်ခံ တဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ယခုစစ်ကောင်စီတပ်များကို နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များ လုံးဝမရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း AA ၏ တပ်ဖွဲ့ဝင်များအနေဖြင့်သာ အာဏာသိမ်း စစ်တပ်ကို ခုခံတော်လှန်နေကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အတိအလင်းပြောကြားခဲ့သည်။
သို့ရာတွင် တခြား AA ၏ လှုပ်ရှားနယ်မြေများဖြစ်သော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင်တော့ PDF များနှင့် ဆက်ဆံရေး ကောင်းမွန်မှုများ ရှိပေမယ့် စစ်ရေးအရ ပူးတွဲဆောင်ရွက်ခြင်းများလည်း မပြုလုပ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဓာတ်ပုံ – AA Info Desk
#တိုက်ပွဲ #စစ်ကောင်စီတပ်သား #လာရောက်ပူးပေါင်း #AA
#Ayeyarwaddy_Times