ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းများကြားတွင် မြန်မာနိုင်ငံ၏ လူဦးရေ သုံးဦးလျှင် တစ်ဦးနီးပါး၊ စုစုပေါင်း လူဦးရေ ၁၇ သန်းကျော်သည် ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ထုတ်ပြန်သည်။
ယခု အောက်တိုဘာလတွင် UNDP က ထုတ်ပြန်ထားသည် “ဆင်းရဲနွမ်းပါးမှု ဇာစ်မြစ်အလွှာများ – မြန်မာနိုင်ငံရှိ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှု” အစီရင်ခံစာအရ လက်ရှိတွင် မြန်မာနိုင်ငံ၏ လူဦးရေ ၁၇ ဒသမ ၉ သန်းကျော်သည် ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရပြီး ၎င်းနောက်တွင် လူဦးရေ ၁၉ ဒသမ ၅ သန်းကျော်မှာလည်း ဆင်းရဲနွမ်းပါးမှု အခြေအနေထဲသို့ ထပ်မံ ကျရောက်နိုင်ခြေရှိကြောင်း သိရသည်။
အဆိုပါ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုသည် ဝင်ငွေမလုံလောက်မှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်းနှင့် ပညာရေးတို့တွင် တစ်ပြိုင်နက်တည်း ရှိနေသော ချို့တဲ့မှုများ ကြောင့်ဖြစ်ပြီး နိုင်ငံအဆင့် ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုတွင် လူနေမှုအဆင့်အတန်းနှင့် ကျန်းမာရေး ကဏ္ဍတို့ အဓိက ပါဝင်နေသည်။

“နှစ်ဖက်မိဘတွေ ကျန်းမာရေးအခြေအနေကြောင့် အိမ်မှာရှိတဲ့ မော်ဒယ်မြင့်ကားကို ရောင်းလိုက်ရတယ်။ ဆေးကုသစရိတ် ထွက်လာဖို့ပေါ့။ မိဘနှစ်ဖက်စလုံးက ကင်ဆာရောဂါ ဖြစ်နေလို့ ငွေကြေးကုန်ကျစရိတ် များတယ်။ လွယ်လွယ်ကူကူ သွားလာနိုင်ဖို့အတွက်ကလည်း မရှိမဖြစ် လိုအပ်တယ်။ အဲဒါကြောင့် မော်ဒယ်အနိမ့်ကား တစ်စီး ပြန်ဝယ်ရတယ်။ စီးပွားရေးက လုပ်ကိုင်ဖို့ ပိုကောင်းမလာဘဲ ရှိတာပဲ ရောင်းချနေရတယ်” ဟုလက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် လူဦးရေထူထပ်သော ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အိမ်ထောင်စုအများစုသည် ဆင်းရဲနွမ်းပါးလျက်ရှိကြောင်း၊ ကရင်နီ (ကယား) ပြည်နယ်နှင့် ရခိုင် ပြည်နယ် တို့တွင်မူ ဆင်းရဲနွမ်းပါးမှုအပြင် လုံခြုံရေး မတည်ငြိမ်မှုနှင့် သွားလာမှု ကန့်သတ်ချက်များ ပိုမိုပြင်းထန်နေကြောင်း သိရသည်။
အိမ်ထောင်စုများတွင် ရှိနှင့်ပြီးသား အရည်အချင်း အားနည်းချက်များဖြစ်သည့် ပညာအရည်အချင်း နိမ့်ပါးခြင်း၊ အလုပ်အကိုင် မတည်ငြိမ်ခြင်းနှင့် ဝင်ငွေရရှိမှု အားနည်းခြင်းတို့အပြင် ပဋိပက္ခ၊ နေရပ် စွန့်ခွာရခြင်း၊ စီးပွားရေးဈေးကွက်ပြတ်တောက်ခြင်းနှင့် ဝန်ဆောင်မှုစနစ်များကစဉ့်ကလျား ဖြစ်လာခြင်း တို့ကြောင့် ဆင်းရဲနွမ်းပါးမှုဒဏ်ကို ပိုမိုခံစားနေကြရသည်။

နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စု ထက်ဝက်ကျော်မှာ စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများကို ရင်ဆိုင်နေရပြီး အိမ်ထောင်စု ငါးစုတွင် တစ်စုက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရိုက်ခတ်မှုများကိုပါ ကြုံတွေ့နေ ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အခြေခံ ရှင်သန်ရပ်တည်မှုဆိုင်ရာ ချို့တဲ့မှုများ အဓိကဖြစ်သော ရခိုင်၊ ကရင်နီ (ကယား)၊ ချင်း၊ ကချင်နှင့် ဧရာဝတီတို့တွင် ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းဆိုင်ရာ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှု ညွှန်းကိန်း အမြင့်ဆုံးဖြစ်သည်။ အိမ်ထောင်စုများသည် ကျန်းမာရေးအခြေအနေ ဆိုးရွားလာခြင်း၊ ဝန်ဆောင်မှုများ ရရှိမှု လျော့နည်းလာခြင်းနှင့် လူနေမှုအဆင့်အတန်းများ ပိုမိုကျဆင်းလာခြင်းတို့ကို ရင်ဆိုင်နေရကာ ဆင်းရဲချို့တဲ့ခြင်းမှ လုံးဝ ရုန်းထွက်နိုင်ခြင်း မရှိတော့ဘဲ “ချို့တဲ့မှု သံသရာ” လည်ခြင်းဖြင့်သာ ရင်ဆိုင် နေရသည်အထိ ဖြစ်လာနေသည်။
လက်ရှိတွင် မြို့ပြဒေသများတွင် ဆင်းရဲနွမ်းပါးမှု အဖြစ်မပေါ်လွင်သေးသော်လည်း ချို့တဲ့မှုအန္တရာယ် မြင့်မားနေသည့် အိမ်ထောင်စုများအတွက် ဆင်းရဲနွမ်းပါးမှုအတွင်း မကျရောက်မီ ခံနိုင်ရည် မြှင့်တင်ပေးရန် လိုအပ်လျက်ရှိသည်။
ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုကို ဖြေရှင်းရာတွင် ဝင်ငွေ တည်ငြိမ်မှုကို တိုးတက်စေခြင်းနှင့်အတူ အိမ်ထောင်စုများ၏ အရင်းအမြစ်များ၊ အခွင့်အလမ်းများနှင့် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းတို့ အားကောင်း လာရန် အထူးလိုအပ်ကြောင်း UNDP က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဓာတ်ပုံ -လူမှုကွန်ရက်