ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်

အာဏာသိမ်း ရွေးတုအစိုးရ၏ လူယုံတော် စစ်ထောက်လှမ်းရေး အရာရှိချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ဖြစ်လာပြီးနောက် ခြောက်လအတွင်း အစုအပြုံလိုက်သတ်ဖြတ်ခံရမှုများကြောင့် အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုကာလအတွင်း နိုင်ငံတဝန်း၌ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုမှာ ခုနစ်ကြိမ်ထက်မနည်းရှိပြီး အရပ်သားပြည်သူ ၁၇၃ ဦးထက်မနည်း သေဆုံးကာ လေကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်ကြောင်း ISP-Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်ရပ်များမှာ လက်နက်တစ်မျိုးမျိုးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ မီးရှို့ခံရခြင်းနှင့် လေကြောင်းတိုက်ခိုက်ခံရမှုတို့ကြောင့်ဖြစ်ပြီး ရွေးတုအစိုးရနှင့် ၎င်းတို့လက်အောက်ခံ မဟုတ်သော အခြားလက်နက်ကိုင်များ ကျူးလွန်မှုလည်းရှိကြောင်း သိရသည်။

ယင်းအနက် လေကြောင်းတိုက်ခိုက်ခံရမှုတို့ကြောင့် ၁၁၁ ဦးထက်မနည်း သေဆုံးခဲ့ရသလို ရခိုင်ပြည်နယ် တစ်ခုတည်း၌ပင် အရပ်သားပြည်သူ ၆၄ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း အစီရင်ခံစာ ဖော်ပြချက်အရ သိရသည်။

ထို့အပြင် အာဏာသိမ်းမှု ငါးနှစ်ကျော်အတွင်း အရပ်သား ၁၀ ဦးအထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်းရှိပြီး အရပ်သား ၂,၃၂၄ ဦးအထိ သေဆုံးသွားခဲ့ရသလို ၆၅ ရာခိုင်နှုန်းခန့်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဟု သိရသည်။

ယင်းအတူ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုများထဲ ရွေးတုအစိုးရတပ်၏ ကျူးလွန်မှုသည် အကြိမ် ၁၁၀ ထက်မနည်းရှိပြီး အရပ်သား ၂,၂၂၇ ဦးထက်မနည်း သေဆုံး၍ ၎င်းတို့မဟုတ်သော အခြားအဖွဲ့များ ကျူးလွန်မှုမှာ ငါးကြိမ်ရှိကြောင်း သိရသည်။

ထို့အပြင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်သစ်ဖြစ်လာပြီးနောက် ကချင်၊ ရခိုင်နှင့် ကရင် စသည့် စစ်မျက်နှာများတွင်လည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်၍ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ တိုးမြှင့်လာကြောင်း သိရသည်။

ဓာတ်ပုံ – MOI