ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းကို အခြေပြုပြီး ဝီရဌာနီ (ပေါက်တော)ရှိ ငပြီကျွန်းသို့ ကမ်းတက်လာသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်မျက်နှာတွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်မှုများကြောင့် စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးခဲ့ပြီး လက်ရှိတွင် ခံစစ် အနေအထားသို့ ရောက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တွေအခြေစိုက် ခမရ-၃၄၄၊ ခမရ-၃၅၄ နှင့် အမြောက်တပ်ရင်း အမတ-၃၇၃ မှ တပ်ခွဲတစ်ခုတို့သည် ငပြီကျွန်းတွင် ဖြန့်ကြက်နေရာယူထားပြီး ကမ်းတက်စစ်ဆင်ရေး အောင်မြင်စေရန် ယခုရက်ပိုင်းအတွင်း ကြိုးပမ်းလျက်ရှိပြီး တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။
“ဒရုန်းနည်းပညာကို အသုံးပြုပြီး တက်လာတဲ့ စစ်တပ်ကို AA က စနိုက်ပါနဲ့ ချောင်းမြောင်း ပစ်ခတ်တာမှာ ယခုရက်ပိုင်း စစ်တပ်ဘက်မှ ၂၀ ခန့် သေဆုံးတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA အနေဖြင့် ဖြတ်တောက်ပိတ်ဆို့ကာ ချေမှုန်းသည့် နည်းဗျူဟာအပြင် လက်ဖြောင့်တပ်သား (စနိုက်ပါ) များဖြင့် ချောင်းမြောင်းပစ်ခတ်နေခြင်းကြောင့် ရက်ပိုင်းအတွင်းမှာပင် ရွေးတုအစိုးရ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားလာခြင်း ဖြစ်ကြောင်း ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်ဘက်က ငပြီကျွန်းတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သည်ဟု ဆိုနေသော် လည်း အမှန်တကယ်တွင်မူ AA ၏ ပြင်းထန်သော တိုက်စစ်အောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) က ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ AA ၏ အခိုင်အမာ ခြေကုပ်စခန်း ၂ ခုကို သိမ်းပိုက်ရရှိထားကြောင်း ထုတ်ပြန်ပြောဆိုထားသော်လည်း မြေပြင်တိုက်ပွဲများမှာ ဆက်လက်ရှိနေသည်။
တိုက်ပွဲပြင်းထန်နေသည့် ငပြီကျွန်းပတ်ဝန်းကျင်ရှိ ကျေးရွာများကိုလည်း ရွေးတုအစိုးရစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့က သဝင်ချောင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင်လည်း နန်းတက်ကျွန်းကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ငပြီကျွန်းနှင့် အနီးဝန်းကျင် ကျေးရွာများတွင် မြေပြင်တိုက်ပွဲများနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဗုံးခိုကျင်းများနှင့် လုံခြုံစိတ်ချရသည့် နေရာများသို့ အချိန်မီ တိမ်းရှောင်ကြရန်နှင့် လေကြောင်းရန်၊ လက်နက်ကြီးရန် အန္တရာယ်များကို အထူးသတိပြု နေထိုင်ကြရန် လိုအပ်လျက်ရှိသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)