‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၂၂ရက်
‎
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ မြို့အတွင်းသို့ ရွေးတုအစိုးရစစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် ထပ်မံဖြည့်တင်းနေပြီး နယ်စပ် အနီး ကျေးရွာများတွင် လက်နက်ကြီးများ တပ်ဆင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ရွေးတုအစိုးရစစ်တပ် ယာဉ်တန်းများသည် ယခုနိုဝင်ဘာလ ဒုတိယပတ်မှစတင်ကာ တပ်မ (၆၆) အခြေစိုက်ရာ ရွှေသောင်ယံဒေသသို့ ဆက်တိုက်ဝင်ရောက်လာခြင်းဖြစ်သည်။ အထူးသဖြင့် ကမ်းခြေ ဒေသများဘက်တွင် လက်နက်ကြီးများ အထိုင်ချတပ်ဆင်ထားသကဲ့သို့ လက်နက်ကြီး ပစ်ခတ်သံများကို လည်း ယခင်ကထက် ပိုမိုကြားလာရကြောင်း သိရသည်။

“ရွေးတုအစိုးရစစ်တပ်ဘက်က အင်အားပိုတိုးချဲ့လာပြီး သတင်းတွေ အပြင်မထွက်ဖို့လည်း သတိထား လှုပ်ရှားနေတာ တွေ့ရပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ရွေးတုအစိုးရစစ်တပ်သည် နယ်မြေသတင်းအချက်အလက်များ စုဆောင်းထောက်လှမ်းနိုင် ရန်အတွက် ၎င်းတို့ခန့်အပ်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို သီးခြားဆက်သွယ်ရေးစက် တစ်လုံးစီ ထုတ်ပေးထားပြီး ဒေသတွင်း လှုပ်ရှားမှုများကို စောင့်ကြည့်ခိုင်းနေကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။

စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်းကြောင့် ဒေသခံပြည်သူများအကြား သွားလာလှုပ်ရှားမှု သိသိ သာသာ လျော့နည်းသွားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလလယ်နှင့် လကုန်ပိုင်းများအတွင်းကလည်း ပုသိမ်မြို့အခြေစိုက် အနောက် တောင်တိုင်းစစ်ဌာနချုပ် (နတခ) အတွင်းသို့ စစ်ကားအစီးရေ ရာနှင့်ချီ ဝင်ရောက်ခဲ့ပြီး ကျုံပျော်နှင့် ရခိုင်ရိုးမအစပ်ဒေသများသို့ အင်အားဖြန့်ခွဲပို့ဆောင်ခဲ့သည်။
‎
ရွေးတုအစိုးရစစ်တပ်အနေဖြင့် ဧရာဝတီတိုင်းအစပ်ရှိ လေးမျက်နှာ၊ ရေကြည်နှင့် သာပေါင်းမြို့နယ် များမှတစ် ဆင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ဘက်သို့ ပြန်လည်ထိုးစစ်ဆင်ရန် စီစဉ်ခဲ့သော်လည်း အောင်မြင်မှု ရရှိခြင်းမရှိခဲ့ပေ။

လက်ရှိတွင် ဘုရားကြီး၊ ကမ္ဘားကြီး၊ ကင်ပွန်းချဉ်နှင့် သဲဖြူကျေးရွာများဘက်တွင် ဗျူဟာမှူးများ ကိုယ်တိုင် ကွပ်ကဲ၍ လက်နက်ကြီးစခန်းများ အထိုင်ချထားသော်လည်း မြေပြင်၌ ခံစစ်အနေအထား ဖြင့်သာ ရပ်တည်လှုပ်ရှားနေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)