ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးဒေသတွင် ရွေးတုအစိုးရလက်အောက်ခံစစ်တပ်သည် သဘာဝဘေးသင့် ဒေသခံများ၏အရေးပေါ်အခြေအနေကိုအခွင့်ကောင်းယူ၍ စစ်ရေးပြင်ဆင်မှုများကို ဆောင်ရွက်နေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့အောက်တိုဘာ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်တပ်အနေဖြင့် ရေဘေးကယ်ဆယ်ရေးကို ကယ်ဆယ်ရေးအဖြစ်သာ ဆောင်ရွက်သင့်ပြီး စစ်ရေးပြင်ဆင်မှုများ၊ တပ်အင်အားဖြည့်တင်းမှုများကို ချက်ချင်းရပ်တန့်ရန် နှင့် အရပ်သားများ၏ အသက်နှင့်လုံခြုံရေးကို ထိခိုက်စေနိုင်သည့် လုပ်ရပ်များကို ရှောင်ရှားရန်လည်း သတိပေးပြောဆိုခဲ့သည်။
“တော်လှန်ရေး တပ်ဖွဲ့တွေ အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့သဘာဝဘေးသင့်ပြည်သူတွေရဲ့ အခက်ခဲတွေကို မျက်နှာမူထားလို့ ဒီအခြေအနေကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ကိုယ်ဘက်က အတက်နိုင်ဆုံး ကျည်မဖောက်ဖို့အတွက်ပါ။ သို့သော် စစ်ရေးအရ ပြင်ဆင်လာတဲ့ အခြေအနေမျိုး ဖြစ်လာရင်တော့ အခြေအနေတွေက တမျိုး ပြောင်းလဲသွားနိုင်တဲ့ အခြေအနေမျိုးလည်း ရှိလာနိုင်ပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်သည် လောင်းလုံးမြို့နယ်အတွင်းသို့ကယ်ဆယ်ရေးအကြောင်းပြကာ အင်အား ၂၀၀ ခန့်ဖြင့် အောက်တိုဘာ ၂ ရက်နေ့တွင် လက်နက်များဖြင့်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
သဘာဝဘေးသင့်အချိန်တွင် လုံခြုံရေးအကြပ်အတည်းများမဖြစ်ပွါးစေချင်သည့်အတွက် စစ်တပ်အနေဖြင့် သဘာဝဘေးအကြောင်းပြကာ စစ်ရေးပြင်ဆင်အင်အားဖြည့်တင်းသည့် အခြေအနေများကို စွန့်လွတ်ကာ လာရာလမ်းအတိုင်းပြန်လှည့်ရန်လည်း လောင်းလုံးမြို့နယ်(ပအဖ) ကပြောဆိုခဲ့သည်။
အလားတူ ရွေးတုအစိုးရလက်အောက်ခံတပ်ဖွဲ့ဝင်များသည် ရေဘေးကယ်ဆယ်ရေးလာရောက်သည့် ကယ်ဆယ်ရေးအဖွဲ့များမှ အလံဖြူထောင်လာရောက်ကြသည်ကို အခွင့်ကောင်းယူကာ ၎င်းတို့ပါပြည်သူများအသွင်ဖြင့် ရေဘေးသင့်ဒေသများကို ဝင်ရောက်နေကြောင်းလည်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ(၃၃) က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်