ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၈ ရက်
‎‎

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဗန်းမော်တက္ကသိုလ်အနီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ လက်နက် ခဲယမ်းများနှင့် ရုပ်အလောင်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။

 

ဗန်းမော်တက္ကသိုလ်အနီးတွင် ‎ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကာ ယနေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် တက္ကသိုလ် အနီးဝန်းကျင်ရှိ ရွာအချို့ကို စစ်တပ်က ဗုံးကြဲနေကြောင်း ကချင်သတင်းရင်းမြစ်က ဆိုသည်။
‎

“အလောင်းနဲ့ လက်နက်အချို့ KIA က သိမ်းဆည်းရမိတယ်။ ဒီမနက်တော့ တက္ကသိုလ် ဝန်းကျင်က ရွာတွေ ကို ဗုံးကြဲနေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎

ပြီးခဲ့သည့် စက်တင်ဘာ ၃ရက်က ဗန်းမော်မြို့သို့ စစ်ရေယာဉ်အုပ်စုမှ ရေယာဉ် ခြောက် စီး ဆိုက်ကပ်နိုင်ခဲ့ပြီးနောက် အင်အားဖြည့်တင်းကာ မြေပြင်ထိုးစစ်များ ပြုလုပ်လာသဖြင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်။
‎

ဗန်းမော်တက္ကသိုလ်ဘက်သို့ ထိုးစစ်ဆင်စဉ် လက်နက်များနှင့် ရုပ်အလောင်းအချို့ သိမ်းဆည်းရမိခဲ့ကာ နေရာအချို့ကိုပါ ရရှိခဲ့သည့်အတွက် ယနေ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် စစ်တပ်ဘက်မှ ပြန်လည်ထိုးစစ်ဆင်လာပြီးနောက် ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရွေးတုအစိုးရစစ်တပ်သည်သည် ယနေ့ နေ့လယ်ပိုင်းကလည်း ဗန်းမော်တက္ကသိုလ်အနီးသို့ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင် လေကြောင်းပစ်ကူပေးကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

စစ်တပ်သည် ‎ဗန်းမော်တိုက်ပွဲကို အသာစီးရယူရန်အတွက် ပြီးခဲ့သည့် ဩဂုတ်လမှစတင်ကာ မန္တလေး ဂေါဝိန် ဆိပ်မှနေ၍ စစ်ရေယာဉ်အုပ်စုဖြင့် စစ်ကူ၊ လက်နက်၊ ခဲယမ်း၊ ရိက္ခာများဖြည့်တင်း ရန်ကြိုးပမ်းခဲ့သော်လည်း KIA က စစ်ရေယာဉ်အစီး ၂၀ခန့်ကို နှစ်မြုပ်ပစ်ခတ်ခဲ့ပြီး အလံဖြူထောင် အညံ့ခံသူများကိုလည်း ခေါ်ယူ ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့သည်။

 

ဓာတ်ပုံ-ဗန်မော်မြို့ပေါ်တွင် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)