ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ရက်
ရခိုင်ပြည်နယ်အတွင်း စစ်ရေးအရ အရေးပါပြီး အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် စစ်တွေ-ပေါက်တော (ဝီရဌာနီ) မြို့နယ်အစပ်ရှိ ငပြီကျွန်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်တပ်က အောက်တိုဘာ ၇ ရက်နေ့မှစ၍ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ငပြီကျွန်းထိုးစစ်ကို ယမန်နေ့ အောက်တိုဘာ ၇ရက်တွင် စစ်တပ်က Y-12 ထောက်ပို့ရေးလေယာဥ်နှင့် ဗုံးကြဲလေယာဉ်များ၊ တိုက်ခိုက်ရေး ဂျက်ဖိုက်တာများအပြင် စစ်ရေယာဉ်များကိုပါ အသုံးပြု၍ ဗုံးအလုံးပေါင်း ၅၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။
”မနေ့က ညနေပိုင်းလေးတင်ကို ဗုံးအလုံး ၂၀ကျော်ကြဲတယ်။ ဒီနေ့မနက်ထိ ပစ်ခတ်သံတွေကြားနေရတုန်းပဲ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်တွေမြို့ရှိ ရွှေမင်းဂံရေတပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးကာ ကမ်းကပ်နိုင်ရေး ကြိုးပမ်းခဲ့သော်လည်း AA တပ်ဖွဲ့များ၏ ဟန့်တားပစ်ခတ်မှုများကြောင့် စစ်တပ်၏ ရေတပ်စစ်ရေယာဉ်များမှာ ကမ်းမကပ်နိုင်ဘဲ အပြန်အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အောက်တိုဘာ ၇ ရက်မှ ယနေ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်သံများနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သံများကို စစ်တွေမြို့ပေါ်မှပင် ကြားနေရကြောင်း ဒေသခံများက ပြောဆိုထားသည်။
စစ်တပ်၏ ယခုကဲ့သို့ အပြင်းအထန် ထိုးစစ်ဆင်မှုများသည် စစ်တွေမြို့ အနီးဝန်းကျင်၌ AA ၏ စစ်ရေးစိုးမိုးမှု တိုးမြှင့်လာချိန်တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများကာ အထိအခိုက်ရှိနေကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တွေမြို့နယ်အတွင်းတိုက်ပွဲမှာလည်း ပိုမိုပြင်းထန်လာနေပြီး အမြင့်ကျွန်းတိုက်ပွဲတွင် စစ်တပ်ကအထိနာနေကာ ဒကစအနီးအထိ AAကထိုးစစ်ဆင်လျက်ရှိသည်။