ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်

မြန်မာနိုင်ငံ အာဆီယံအသိုက်အဝန်းထဲ ပြန်လည်ဝင်ရောက်လာနိုင်ရေး တတ်နိုင်သမျှ ဆောင် ရွက်သွားမယ်လို့ ရွေးတုသမ္မတ မင်းအောင်လှိုင်နဲ့ အောက်တိုဘာ ၈ ရက်မှာ တွေ့ဆုံအပြီး မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားလိုက်ပါတယ်။

မင်းအောင်လှိုင်ဟာ မလေးရှားနိုင်ငံဆီ ၂ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်နေတာဖြစ်ပြီး အ နောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့အတွေရဲ့ ဝေဖန်မှုခံထားရတဲ့ ရွေးကောက်ပွဲအပြီး ပြီးခဲ့တဲ့ ဧပြီလ မှာ သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက် နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်းနေပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စု ထိပ်ပိုင်းခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အချို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေပြီး မင်းအောင်လှိုင်ဟာ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

အန်ဝါက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေသေးပေမဲ့ သဘောထား ကွဲလွဲမှုတွေကို လေးစားရမှာဖြစ်သလို မင်းအောင်လှိုင်ကလည်း ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“မလေးရှားက ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမှာဖြစ်ပြီး အထူးသဖြင့် အာဆီယံ မူဘောင် အတွင်းကနေ မြန်မာနိုင်ငံကို ဒေသတွင်း အသိုက်အဝန်းထဲ ပြန်ပါလာအောင် တတ်နိုင်သမျှ ကူညီ ဆောင် ရွက်သွားမှာပါ” လို့ အန်ဝါက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၀,၄၉၃ ဦးကို ပြန်လည်လက်ခံဖို့ သဘော တူခဲ့တဲ့အတွက် မင်းအောင်လှိုင်ကို ကျေးဇူးတင်ကြောင်းလည်း အန်ဝါက ဆက်ပြောပါတယ်။

မလေးရှားအစိုးရက မြန်မာဒုက္ခသည်တွေကို ဆက်လက် လက်ခံထားနိုင်ခြင်း မရှိတော့ဘဲ စီးပွား ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်လို့ ၎င်းက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စစ်ဒဏ်သင့်မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူတွေ ဘေးအန္တရာယ် မကင်း ကြောင်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ သတိပေးချက်ကို လစ်လျူရှုပြီး မလေးရှားနိုင်ငံဟာ စစ်သင်္ဘောတွေနဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးကို ပြန်ပို့ခဲ့ပါတယ်။

News: Reuters
Ref; Malaysia’s PM says he will do whatever possible to ensure Myanmar’s acceptance in regional community