‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၇ ရက်
‎
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ရွေးတုအစိုးရစစ်တပ် တပ်စွဲရာနေရာကို ကချင် လွပ်လပ်ရေးတပ်မတော် (KIA) က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က လက်နက်ကြီး များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
‎
လုံးခင်းဆေးရုံဟောင်းကုန်းတွင် ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့က တပ်စွဲထားသည့် ရွေးတုအစိုးရ စစ်တပ် တပ်ဖွဲ့ဝင်များကို KIA က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် စစ်တပ်ဘက်မှ ၆၀-မမ လက်နက်ကြီးများ အပါအဝင် အတွဲလိုက်ပစ်ခတ်သည့် လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
‎
‎”ဆေးရုံကုန်းက စစ်သား ၅ ယောက်လောက်ထိတယ်ကြားတယ်။ အတွဲလိုက်တွေကော လက်နက်ကြီး တွေနဲ့ပါ အထဲက ပြန်ပစ်တယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎
ရွေးတုအစိုးရစစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် လုံးခင်းရပ်ကွက် (၄) အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ သုံးဦး ထိမှန်ကာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ယမ်းချက်စက်ရုံဘက်မှ လုံးခင်းဘက်သို့ အင်အား ၁၀၀ ပါ ရွေးတုအစိုးရစစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး တပ်ဖြန့်လှုပ်ရှားနေသဖြင့် စစ်ရေးအခြေအနေ ပိုမိုတင်းမာလျက်ရှိကာ လုံးခင်း ကျေးရွာအတွင်း ပြည်သူ့စစ် စုဆောင်းသင်တန်းပေးနေမှုများလည်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်ကလည်း ဆယ်ဇင်းဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွေးတုအစိုးရ စစ်တပ်၏ လက်အောက်ခံ SNA တပ်ဖွဲ့ဝင်များ အများအပြား ထိခိုက်သေဆုံးကာ တပ်စခန်းများကို စွန့်ခွာထွက်ပြေးသွားခဲ့သဖြင့် တပ်စခန်းနှစ်ခုကို သိမ်းပိုက်ရရှိခဲ့ကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်