နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

 

အာဏာသိမ်း စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က ၎င်းတို့လက်ထက်၌ ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့် ရင်းနှီးမြှုပ်နှံ၍ ထောက်ပံ့ချီးမြှင့်ပေးထားသောကြောင့် ဆရာ၊ ဆရာမများအနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်ကို ကိုယ်တိုင်သာမက ကျောင်းသားများကိုပါ ကျင့်သုံးလိုက်နာ ပြုစုပျိုးထောင်ပေးရန် ညွှန်ကြားပြောဆိုသည်။

 

ထို့အပြင် အခြေခံပညာကျောင်းများအား Smart School များဖြစ်စေရေး၊ တက္ကသိုလ်ကောလိပ်များကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝသည့် သင်ယူမှုဝန်းကျင်ကောင်းများဖြစ်စေရေး အားပေးမြှင့်တင်သွားမည်ဟု ၎င်းက အောက်တိုဘာ ၅ ရက်တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့အတွက် သဝဏ်လွှာပေးပို့ရာ၌ ယင်းသို့ဆိုသည်။

 

“ဆရာ၊ဆရာမတွေကိုလည်း လစာအပြင် ပညာအရည်အချင်းအလိုက် ခံစားခွင့်တွေ ထပ်ဆောင်းချီးမြှင့်တာ၊ ဝတ်စုံစရိတ် အိမ်ငှားစရိတ် ထောက်ပံ့ပေးတာ၊ ပြည်တွင်းပြည်ပရှိ ပညာသင်ယူမှု အခွင့်အလမ်းတွေ တိုးမြှင့်ပေးတာနဲ့ ထူးချွန်ထက်မြက်တဲ့ ပညာရေးမိသားစုဝင် သားသမီးတွေကို နှစ်စဉ်ဂုဏ်ပြု ဆုချီးမြှင့်ပေးနေတယ်” ဟု ရွေးတုသမ္မတ ပြောသည်။

ယင်းအပြင် မိမိတို့၏ တပည့်များကို စည်းကမ်းကောင်းမွန်ပြီး ဥပဒေအား လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသားများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်သလို အမျိုးသားအကျိုးစီးပွားကို အစဉ်ရှေးရှု၍ နိုင်ငံနှင့် ပညာရေးအပေါ် သစ္စာရှိရှိတာဝန်ကျေပွန်ရန် အရေးကြီးဟု ၎င်းက ထည့်သွင်းညွှန်ကြားကြောင်း ရွေးတုအစိုးရမှ ထုတ်ပြန်သည်။

 

သို့သော် လက်တွေ့တွင် အရပ်သားများအပါအဝင် စစ်ရေးပစ်မှတ်မဟုတ်သော နေရာ၊ အဆောက်အဦများကို အာဏာသိမ်း ရွေးတုအစိုးရမှ ဗုံးကြဲတိုက်ခိုက်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုအပြင် ဆရာ၊ဆရာမများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း သိရသည်။

 

“ဘယ်လောက်ပဲ ပညာရေးကို မြှင့်တင်မယ်ပြောပြော ပညာရေးအတွက် အသုံးစရိတ်ကိုကြည့်လိုက်ရင် သူ့စေတနာကို ဘွင်းဘွင်းကြီး မြင်ရပါလိမ့်မယ်။ စစ်အသုံးစရိတ်ကို အမြင့်ဆုံးသုံးနေတဲ့ အာဏာရှင်တွေလက်ထဲ တိုင်းပြည်ရဲ့ ပညာရေးက မျှော်လင့်ချက်မရှိဘူး” ဟု ရန်ကုန်မြို့နေ CDM ကထိကဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ခုခံတော်လှန်မှုများကြောင့် စစ်ရေးရှုံးနိမ့် အထိနာနေသော ရွေးတုအစိုးရသည် စစ်မှုထမ်း ဥပဒေဖြင့် အရွယ်ရောက်သူ လူငယ်များနှင့် အသက်မပြည့်သေးသူ ကျောင်းသားများကို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းနေသလို ဗုံးကြဲတိုက်ခိုက်သဖြင့် စာသင်ကျောင်း ၅၀၀ နီးပါး ပျက်စီးသွားကြောင်း ကုလထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါအခြေအနေကို ရွေးတုသမ္မတက ထိန်ချန်ဖုံးကွယ်၍ ဆရာ၊ ဆရာမများအနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်များကို မိမိတို့ကိုယ်တိုင်သာမက ကျောင်းသားလူငယ်များပါ ကျင့်သုံးလိုက်နာနိုင်ရေး ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပြီး ဆရာအတတ်ပညာ ပြည့်စုံကုံလုံအောင် အစဉ်လေ့လာသင်ယူရန် လိုအပ်ကြောင်း ပြောဆိုထားသည်။

 

“လက်ရှိမှာ ဆရာမတွေက ကျောင်းသားကြီးတွေဆိုရင် သိပ်မဖိရဲဘူး။ သူတို့ပြောတဲ့ ဒီမိုကရေစီက မူဘဲရှိတာ လူတွေက မလိုက်နာနိုင်ဘူး။ ကိုယ်သင်ပြတဲ့မေးခွန်းတွေကိုလည်း သိပ်မဖြေတတ်ကြဘူး။ အလုပ်ရှိအောင်သာ လုပ်နေကြတာ အဆင်မပြေပါဘူး” ဟု ရန်ကုန်မြို့နေ Non CDM ကျောင်းဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အလားတူ ရွေးတုအစိုးရ ထိန်းချုပ်ထားသော ဒေသများရှိ စာသင်ကျောင်းများတွင်လည်း ‌ဆရာ၊ဆရာမများ မလုံလောက်မှု၊ ကျောင်းသုံးပစ္စည်းများ မပြည့်စုံမှုနှင့် ခွဲခြားဆက်ဆံ ဖိနှိပ်မှုများ ကြုံတွေ့နေရသလို ကျောင်းသူ/သားများသည်လည်း စည်းကမ်းမဲ့ နေထိုင်၍ လူသေဆုံးသည်အထိ ခိုက်ရန်ဖြစ်ပွားနေလျက်ကြောင်း သိရသည်။