ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ ယနေ့စက်တင်ဘာလ ၇ ရက်နေ့တွင် ရောက်ရှိလာသည့် ရွေးတုသမ္မတမင်းအောင်လှိုင်အား လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ရန် မလေးရှားဝန်ကြီးချုပ်အနေဖြင့် ဖိအားပေး တောင်းဆိုသင့်ကြောင်း လူ့အခွင့်ရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW) ပြောဆိုခဲ့သည်။

ထို့ပြင် နှိပ်စက်ညှင်းပန်းမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့နေရသည့် ရိုဟင်ဂျာများ အပါအဝင် မြန်မာနိုင်ငံသားများကို စစ်အုပ်စုထံ အတင်းအကြပ် ပြန်လည်ပို့ဆောင်မည့် အစီအစဉ်များကိုလည်း မလေးရှားအစိုးရအနေဖြင့် ရပ်တန့်သင့်ကြောင်း HRW ကပြောဆိုခဲ့သည်။

“စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ထွက်ပြေးလာတဲ့သူတွေကို အတင်းအကြပ်နေရပ် ပြန်ပို့ဖို့ မလေးရှားဝန်ကြီးချုပ်က မင်းအောင်လှိုင်ကို ဖိတ်ခေါ်တာဟာ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ဖို့ဖိတ်ခေါ်လိုက်တာနဲ့ တူတူပါပဲ” ဟု HRW အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး Elaine Pearson က ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေဖြင့် မတရားအာဏာသိမ်းပြီးနောက်ပိုင်း အတုအယောင်ရွေးကောက်ပွဲကျင်းပကာ ကိုယ့်ကိုယ်ကိုသမ္မတအဖြစ် တင်မြှောက်ပြီးနောက်တွင် အာရှဒေသတွင်း ရှစ်ကြိမ်မြောက် နိုင်ငံတကာခရီးစဉ်အဖြစ် မလေးရှားမှ မြန်မာနိုင်ငံသားများပြန်ပို့ရေးနှင့်ပတ်သတ်ပြီး ဆွေးနွေးရန် မလေးရှားဝန်ကြီးချုပ်က ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့တွင် မလေးရှားနိုင်ငံက မြန်မာစစ်တပ်နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံသား ၁၅၀၀ နီးပါးကို မြန်မာစစ်သင်္ဘောများဖြင့် အတင်းအကြပ် နေရပ်ပြန်လည်ပို့ဆောင်ခဲ့ပြီး ၎င်းမှာ နှစ်နိုင်ငံအကြား လူဦးရေ ၅၀၀၀ ပြန်လည်လွှဲပြောင်းရေး သဘောတူညီချက်၏ ပထမအဆင့် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်ရွေးတုသမ္မတမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံသို့ရောက်ရှိနေကာ မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွါးရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်အား တစ်ရက်တာအလုပ်မဆင်းခြင်းဖြင့် ဆန္ဒပြသရန်လုပ်ဆောင်ထားကြကြောင်းလည်း သိရသည်။