နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်ရှိ ခရီးသွားဧည့်သည်များဖြင့် လူစည်ကားသော နာမည်ကျော် မဲနယ်တောင်ဒေသတွင် “ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်” ၏ ခွင့်ပြုချက်ဖြင့် လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်ဂိုဏ်း (ခ) ကျားဖြန့်လုပ်ငန်းများကို ရွေးတုအစိုးရစစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဟိုပုံးမြို့နယ်၊ မဲနယ်တောင်အရှေ့ဘက်ခြမ်း၊ နားလုံကျေးရွာအနီးတွင် တရုတ်နိုင်ငံသားများ ဦးဆောင် လုပ်ကိုင်နေသည့် အဆိုပါ ကျားဖြန့်လုပ်ငန်းများကို ရွေးတုအစိုးရစစ်တပ်က အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် မြေပြင်တွင်မူ ယင်းကျားဖြန့်လုပ်ငန်းများသည် PNO ပြည်သူ့စစ်၏ တရားဝင် ခွင့်ပြုချက်နှင့် အကာအကွယ်ပေးမှုတို့ဖြင့် ရပ်တည်နေခြင်းဖြစ်ပြီး လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်နှင့် PNO တို့အကြား ဝေစုမတည့်သည့် အခြေအနေများကြောင့် ယခုကဲ့သို့ ဝင်ရောက်ဖမ်းဆီးမှုများ ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အဲဒီနေရာက နာမည်ကျော် မဲနယ်တောင်ရဲ့ အရှေ့ဘက်ပိုင်းခြမ်းမှာ ရှိနေပြီးတော့ ခရီးသွား ဧည့်သည်တွေ စည်းကားတဲ့ ဒေသဖြစ်ပါတယ်။ လက်ရှိ စိုးမိုးထိန်းချုပ်ထားတာက PNO ပြည်သူ့စစ် တွေပဲ ဖြစ်ပါတယ်။ ဒါက သူတို့ခွင်ပြုချက်နဲ့ လုပ်နေတာကနေ အခုအဝေမတည့်လို့ ဖမ်းဆီးတာမျိုးပါ” ဟု မဲနယ်တောင်ဒေသခံ ပအိုဝ်းလူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါဒေသကို စစ်အာဏာသိမ်းမှုနောက်ပိုင်း တစ်ကျော့ပြန် ခုခံတော်လှန်နေသည့် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲများဖြင့် ယာယီသိမ်းပိုက် နိုင်ခဲ့သော်လည်းရွေးတုအစိုးရစစ်တပ်နှင့်PNO ပြည်သူ့စစ်တို့ ပူးပေါင်းကာ လေကြောင်းဖြင့်ပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးအင်အားစုများ ပြန်လည်ဆုတ်ပေးခဲ့ရသည်။
ယင်းနောက်ပိုင်းတွင် ရွေးတုအစိုးရစစ်တပ်၏ ကျောထောက်နောက်ခံဖြင့် PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ကို ပြန်လည်စိုးမိုးခဲ့ပြီး ဒေသတွင်း တရုတ်နိုင်ငံသားများအား တရားဝင်လုပ်ကိုင်ခွင့်နှင့် အထူးအခွင့်အရေးများပေးကာ ကျားဖြန့်လုပ်ငန်းများကို အခြေချလုပ်ကိုင်စေခဲ့ခြင်း ဖြစ်သည်။

လက်ရှိစီးနင်းဖမ်းဆီးမှုအတွင်း တရုတ်နိုင်ငံသား ၇၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦး စုစုပေါင်း ၈၇ ဦးကို ကျားဖြန့်လုပ်ငန်းသုံး ပစ္စည်းများ၊ STAR LINK လေး စုံ၊ ကွန်ပျူတာနှင့် လက်ပ်တော့ အများအပြား အပြင် ဖုန်းပေါင်း ၅၂၄ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရွေးတုအစိုးရဘက်က ထုတ်ပြန်ထားသည်။
သို့သော် ၎င်းတို့သည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည် ဟူသော ထုတ်ပြန်ချက်မှာ မြေပြင်အမှန်တရားနှင့် လွဲချော်နေပြီး PNO နှင့် ရွေးတုအစိုးရထံ ငွေကြေးပေးသွင်းကာ တရားဝင်နီးပါး ရပ်တည်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“စစ်အာဏာရှင် စနစ်အောက်မှာ ဒီမိုကရေစီက မထွန်းကားနိုင်ဘူး၊ ဖက်ဒရယ်စနစ်ကို တည်ဆောက်လို့ မရပါဘူး။ ဒါကြောင့် ပအိုဝ်းဒေသမှာ ဒီမိုကရေစီကို ထူထောင်ဖို့ ကြိုးစားခဲ့တာ ကြာခဲ့ပါပြီ၊ ဒီကနေ့ ခေတ်အထိ ဒီမိုကရေစီကို မထူထောင်နိုင်သေးတဲ့ ရလဒ်ပေါ့” ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း ရွေးတုအစိုးရကမူ ၎င်းတို့အနေဖြင့် ကျားဖြန့်လုပ်ငန်းများအား လိုက်လံချေမှုန်းလျက်ရှိရာ ယာယီလူနေတဲများ ဆောက်လုပ်၍ အခြေပြုခိုအောင်းကာ ကျားဖြန့်လုပ်ကိုင်နေသည်ဟု တာဝန်သိ ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့များ က ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ဆိုထားသည်။
မဲနယ်တောင်ဒေသအတွင်း လူစည်ကားရာ နေရာများအထိ တရုတ်နိုင်ငံသားများ အဝင်အထွက် များပြား လာခြင်းနှင့် ကျားဖြန့်လုပ်ငန်းများ အမြစ်တွယ်လာခြင်းတို့ကြောင့် ဒေသခံပြည်သူများမှာ ယခင် ကတည်းက စိုးရိမ်ပူပန်ခဲ့ကြပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်၏ လုပ်ရပ်ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – MOI