ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၇ ရက်
‎

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခ တပ်တော် (AA) တို့အကြား ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာဘက်တွင် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်ကျဆုံးကာ အထိနာ ခဲ့သည့် ရွေးတုအစိုးရစစ်တပ်၏ တပ်မ (၁၀၁) လက်အောက်ခံ စစ်ကြောင်းများသည် အမြင့်ကျွန်း ကျေးရွာဘက်သို့ ကစဥ့်ကလျား ဆုတ်ခွာသွားခဲ့ရသည်။ သို့သော်လည်း ပုဏ္ဏားကျွန်းမြို့ တောင်ဘက် ပိုင်းကို ဒရုန်းများနှင့် လက်နက်ကြီးများ အသုံးပြုကာ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။

 

“စစ်တွေမြို့ပြင်တပ်တွေအားလုံးနီးပါး တိုက်ခိုက်ခံနေရတယ်။ ကျားမသောက် ဒကစကိုပါ ကာကွယ် နေရတယ်။ အမြင့်ကျွန်းကတပ်တွေလည်း ခွာပြေးဖို့ အသင့်အနေအထားနဲ့ ခုခံနေတယ်လို့ သိရပါတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်မှ ၇ ရက်အတွင်း ဖြစ်ပွားခဲ့သည့် ကွမ်းတောင်တိုက်ပွဲ၊ ရွှေမင်းဂံထိုးစစ်နှင့် စပါးထားဘက်တို့တွင် ရွေးတုအစိုးရစစ်တပ်ဘက်မှ အင်အား ၁၀၀ နီးပါး ပြုန်းတီးခဲ့ပြီးနောက် ကွမ်းတောင်မှ အမြင့်ကျွန်းဘက်သို့ တပ်ဆုတ်လာခဲ့ခြင်း ဖြစ်သည်။

 

ယင်းနောက် စက်တင်ဘာ ၁၅ ရက်နေ့အထိ အမြင့်ကျွန်းဘက်သို့ အင်အား ၅၀၀ ကျော် ထပ်မံ ဖြည့်တင်းကာ ခံစစ်ဆင်လျက်ရှိသည်။ အဆိုပါ အမြင့်ကျွန်းတိုက်ပွဲများကို အနီးကပ်ကွပ်ကဲရန်အတွက် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တပ်မမှူးကို စစ်တွေမြို့၊ ပါဒလိတ် ပညရ-၁၀ မှနေ၍ ရှေ့တန်းစစ်မျက်နှာသို့ ပို့လွှတ်ရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးက စီစဉ်ထားကြောင်း သိရသည်။
‎

စစ်တပ်ဦးတည်နေသည့် ပုဏ္ဏားကျွန်း အခြေစိုက် ခမရ -၅၅၀ တပ်ရင်းသည် စစ်တွေတပ်နယ်အတွင်း ပါဝင်ပြီး ယိုးတရုတ်ကျေးရွာအလွန်သည် ကျောက်တော်တပ်နယ် အစဖြစ်သောကြောင့် စစ်တပ်က ပုဏ္ဏားကျွန်းနှင့်ကျောက်တော်လမ်းပိုင်းကို ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းတို့မှ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

 

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်ကလည်း ယိုးငူနှင့် သရက်ချိုကျေးရွာအကြားရှိ ဗျာလ စစ်ဘေးရှောင်စခန်းကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ရခိုင် ပြည်သူ ခြောက် ဦး အသက်ဆုံးပါးခဲ့ရကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

 

ထို့ပြင် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့ မြောက်ဘက်ရှိ ပန်းနီလာ ကယ်ဆယ် ရေးစခန်းကိုပါ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ရှောင်ပြည်သူများ ထိခိုက်သေဆုံးမှု များ ရှိခဲ့သည်။ အဆိုပါ ပန်းနီလာစခန်းနေရာသည် ရှေးယခင်က စစ်တွေတပ်နယ်၏ လက်နက်ငယ် စက်ပစ်ကွင်း တည်ရှိခဲ့သည့် နေရာတစ်ခု ဖြစ်သည်။

 

ပုံစာ- စစ်တပ် တပ်ဖွဲ့ဝင် အချို့ကိုတွေ့ရစဉ်။