ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

ရွေးတုအစိုးသည် ဘယ်လာရုစ်နိုင်ငံရှိ ဘဏ်သုံးဘဏ်ကနေ ၂ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၉ ဒသမ ၃၃ ရာခိုင်နှုန်းအထိ အတိုးနှုန်းပေး၍ ငွေချေးပြီး ယင်းနိုင်ငံမှ ကုန်ပစ္စည်းဝယ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လပိုင်းက ရွေးတုသမ္မတ မင်းအောင်လှိုင်၏ ဘယ်လာရုစ်ခရီးစဉ်တွင် ချေးငွေဆိုင်ရာမူဘောင် သတောတူညီချက် လက်မှတ်ရေးထိုးပြီးဖြစ်၍ ရွေးတုတုလွှတ်တော်တွင် ထောက်ခံပေးရန် တင်ပြလာခြင်းဖြစ်သည်။

အဆိုပါချေးငွေကို တရုတ်ယွမ်၊ အမေရိကန်ဒေါ်လာ၊ ယူရိုအပါအဝင် ငွေကြေးအမျိုးအစားငါးမျိုးဖြင့် ချေးယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

ဘယ်လာရုစ်နိုင်ငံရှိ DBRB ၊ Belinnest၊ JSC ဘဏ်တို့မှ ချေးငွေရရယူပြီး ယင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ၊ ခေတ်မီစက်ပစ္စည်းကိရိယာများ၊ နည်းပညာနှင့် ဝန်ဆာင်မှုများဝယ်ယူရာတွင် ချေးငွေဖြင့်ပစ္စည်းဖိုးချေမည်ဖြစ်သည်။

“အတိုးနှုန်းကတော့ ချေးငွေရယူမယ့်ငွေကြေးအမျိုးအစားနဲ့ ပို့ကုန်ပစ္စည်းအုပ်စုအပေါ် မူတည်ကာသတ်မှတ်ထားတယ်။ အတိုးနှုန်းတွေက အနည်းဆုံး ၂ ဒသမ ၂၅ ရာခိုင်နှုန်းကနေ အများဆုံး ၉ ဒသမ ၃၃ ရာခိုင်နှုန်းဖြစ်တယ်။ ချေးငွေရယူရမှာ အတိုးနှုန်းအပြင်အာမခံကြေးကိုပါပေးရမယ်။ အာမခံကြေးက ချေးငွေသက်တမ်းပေါ်မူတည်ပြီးတော့ပြောင်းလဲမှာဖြစ်တယ်။ ချေးငွေမူဘောင်သဘောတူထားလို့ လွှတ်တော်က သဘောတူပေးဖို့” ဟု ရွေးတုအစိုးရ၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောသည်။

အဆိုပါချေးငွေဆိုင်ရာစည်းကမ်းချက်များတွင် ဆိုင်းငံ့ကာလအများဆုံးတစ်နှစ်ဖြစ်ပြီး ချေးငွေသက်တမ်း တစ်နှစ်ကနေ ငါးနှစ်အထိဖြစ်ကြောင်းသိရသည်။

“အဲ့လိုချေးငွေမျိုးကို ချည်နှောင်ထားတဲ့ချေးငွေ လို့လည်းခေါ်ပါတယ်။ တစ်ခြားနိုင်ငံတွေမှာ ဘယ်လောက် ဈေးပေါနေပါစေ ဘီလာရုစ် ပစ္စည်းကိုပဲ ဝယ်ရမယ်။ ဘီလာရုစ်က ဘယ်လောက်ဈေးကြီးကြီးဝယ်ရမယ် လို့ ချည်နှောင်ထားတာမျိုးပါ။ အတိုးနှုန်းကြီးတာကတော့ ပြောစရာတောင်မလိုပါဘူး။ သုံးချင်တာသုံးပြီး နောင်မျိုးဆက်တွေကို ဒုက္ခပေးတဲ့ ချေးငွေမျိုးပေါ့။ ကြားမှာ ပွဲခတွေ အများကြီး ပါနိုင်တယ်။ ဘယ်သူတွေ ပွဲခများများရကြမလဲမသိဘူး” ဟု စီးပွားရေးပညာရှင်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်လက်ထက်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ( JICA) မှ ချေးငွေ အတိုးနှုန်း သုည ဒသမ သုညတစ်ရာခိုင်နှုန်း (၀. ၀၁) ရာခိုင်နှုန်းဖြင့်ချေးခဲ့ပြီး ပြန်ဆပ်သက်တမ်းမှာ နှစ်ပေါင်း ၄၀ ဖြစ်သည်။

ဓာတ်ပုံ – MOI