ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

 

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း နယ်မြေအများစုကို ရွေးတုအစိုးရစစ်တပ်က ထိန်းချုပ်ပြီးနောက် နန်းဖာလုံစျေးနှင့် အမှတ် (၁) နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက် နေကြောင်း ဒေသခံများထံမှ သိရသည်။

 

တမူးမြို့ရှိ နန်းဖာလုံစျေးကြီးသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်ကတည်းက ရောဂါအခြေအနေများကြောင့် ပိတ်ထားရခြင်းဖြစ်ပြီး ရောဂါကူးစက်မှု အခြေအနေများ သက်သာ လာ၍ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေစဉ် ၂၀၂၁ ခုနှစ်တွင် စစ် အာဏာသိမ်းယူခဲ့ခြင်းကြောင့် ဆက်လက် ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။

“ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ကတည်းက စျေးပိတ်ထားတာပါ။ ပြန်ဖွင့်ဖို့ ပြင်ဆင်နေဆဲကာလမှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ စျေးပြန်မဖွင့်ဖြစ်ဘူး။ အခုရက်ပိုင်းအတွင်း မြို့နယ်စည်ပင်အဖွဲ့ တွေက မကြာမီ စျေးပြန်ဖွင့်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်” ဟု တမူးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့အပြင် နန်းဖာလုံစျေးကြီးနှင့်အတူ ခြောက်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် အိန္ဒိယ-မြန်မာ အမှတ် (၁) နယ် စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရန်အတွက်လည်း ရွေးတုအစိုးရစစ်တပ်က စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

 

“နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ရင်တော့ ကုန်စျေးနှုန်းတွေ ကျမယ် ထင်ပါတယ်။ ပြန်ဖွင့်ဖို့ ပြင်ဆင်နေပေမဲ့ ဖွင့်ဖို့က ထင်သလောက် မလွယ်သေးဘူး” ဟု တမူးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် တမူးခရိုင်ရှိ တမူး၊ ခမ်းပတ် စသည့်မြို့နှင့် တမူး-ခမ်းပတ်၊ တမူး-ကလေး၊ အိန္ဒိယ-မြန်မာနယ်စပ် စသည့်နေရာများကို ရွေးတုအစိုးရစစ်တပ်က ထိန်းချုပ်ထားပြီးနောက် ပြန်လည်ဖွင့်လှစ် ရန် လုပ်ဆောင်လာခြင်း ဖြစ်သည်။

 

ပုံစာ-တမူးမြို့ နန်းဖာလုံစျေးအား တွေ့ရစဉ် (ပုံဟောင်း)