ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

 

မလေးရှားအစိုးရက ရွေးတုသမ္မတမင်းအောင်လှိုင်ကို ကွာလာလမ်ပူမြို့သို့ ဖိတ်ခေါ်တွေ့ဆုံနေချိန်တွင် မလေးရှားကုမ္ပဏီအချို့သည် မြန်မာစစ်တပ်ထံ လေကြောင်းဆိုင်ရာဆက်စပ်ပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချထောက်ပံ့ပေးနေကြောင်း Justice For Myanmar(JFM) က ဖော်ထုတ်ခဲ့သည်။

 

မလေးရှားကုမ္ပဏီများဖြစ်ကြသည့် FJ Global Aeroparts (M) Sdn Bhd၊ Asia AeroTechnic Sdn Bhd (AAT) နှင့် Skyways Technics Asia Sdn Bhd တို့သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း မြန်မာစစ်တပ် အပါအဝင် ၎င်း၏ ကြားခံပွဲစားများနှင့် စီးပွားရေးများပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အရပ်သားများအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် အဓိက ပံ့ပိုးပေးနေကြောင်း သိရသည်။”

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် Yayasan Pelaburan Bumiputra မှ ရာနှုန်းပြည့်ပိုင်ဆိုင်ထားသည့် Perbadanan Usahawan Nasional Berhad (PUNB) ၏ ငွေကြေးထောက်ပံ့မှုကို ရရှိထားသော FJ Global ကုမ္ပဏီသည် မြန်မာစစ်တပ်၏ K-8W တိုက်ခိုက်ရေး ဂျက်လေယာဉ်များ၊ Orlan-10E ဒရုန်းများနှင့် ရဟတ်ယာဉ်များအတွက် အပိုပစ္စည်းများ ဝယ်ယူရန် အဓိက ကြိုးပမ်းပေးခဲ့ခြင်းဖြစ်သည်။

 

“အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို မိမိနိုင်ငံ ကုမ္ပဏီတွေက ထောက်ပံ့ပေးနေတာတွေကို တားဆီးဖို့ ဘာမှ မလုပ်ဆောင်ဘဲ၊ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို မဟုတ်မမှန်တဲ့ တရားဝင်မှု ပေးအပ်ပြီး လူတွေကို သူ့ရဲ့ ရာဇဝတ်စစ်အုပ်စုလက်ထဲ ပြန်လွှဲအပ်နေတဲ့ မလေးရှားနိုင်ငံရဲ့ လုပ်ရပ်တွေကို ကျွန်မတို့ ရှုတ်ချပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့သည်။

ထို့အပြင် မလေးရှားအစိုးရအေဂျင်စီ MARA က ပိုင်ဆိုင်သည့် Asia AeroTechnic Sdn Bhd (AAT) ကုမ္ပဏီထံသို့လည်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မြန်မာစစ်တပ်အင်ဂျင်နီယာများ ကိုယ်တိုင်လာရောက်ကာ စစ်တပ်ပိုင် Airbus A319 လေယာဉ် ပြုပြင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

အလားတူ မလေးရှားကုမ္ပဏီ Skyways ကလည်း မြန်မာစစ်တပ်၏ လူသိများသော လက်နက်ပွဲစားကုမ္ပဏီများထံ လေယာဉ်စက်ပစ္စည်း အစိတ်အပိုင်းများကို အကြိမ်ကြိမ် တင်ပို့ခဲ့ပြီး ယင်းပစ္စည်းများသည် စစ်တပ်အတွက် အသုံးချရန်ဖြစ်ကြောင်း လျှို့ဝှက်ပေါက်ကြားလာသည့် စာရွက်စာတမ်းများကို အခြေခံ၍ JFM က ဆိုသည်။

 

မလေးရှားအစိုးရအနေဖြင့် ရွေးတုသမ္မတ မင်းအောင်လှိုင်အား တရားဝင်မှု ပေးနေခြင်း၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ လွှဲပြောင်းရောင်းချပေးနေခြင်းများကို ချက်ချင်းရပ်တန့်ရန်နှင့် ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံသားများအား အတင်းအကျပ် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်များကို ချက်ချင်းရပ်စဲရန် JFM က တိုက်တွန်းတောင်းဆိုထားသည်။