ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ယမန်နေ့ အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက အိမ်ဆောက် ပစ္စည်းဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦး နေအိမ်အတွင်းတွင်ပင် လုယက် တိုက်ခိုက်ခံရကာ ပြင်းထန်ဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

 

ဒဂုံမြောက်ပိုင်း အမှတ် (၄၂) ရပ်ကွက်၊ ဦးဝိစာရာလမ်းမကြီးပေါ်ရှိ အဆိုပါအိမ်ဆောက်ပစ္စည်းဆိုင်နှင့် ဆက်စပ်လျက်ရှိသော အနောက်ဘက်နေအိမ်အတွင်းသို့ အမည်မသိ အမျိုးသားသုံးဦး ဝင်ရောက်လာပြီး ဆိုင်ရှင်ဖြစ်သူအား ဓားဖြင့်ထိုးနှက်ကာ လုယက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓားဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည့် ဆိုင်ရှင်ဖြစ်သူကို ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းက မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကူညီပေးခဲ့သော်လည်း ဆေးရုံသို့ ရောက်ရှိပြီး မိနစ်ပိုင်းအတွင်းမှာပင် ဒဏ်ရာပြင်းထန်စွာဖြင့် သေဆုံးသွားခဲ့ကြောင်း အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

 

လက်ရှိတွင် အဆိုပါ ပြစ်မှုကျူးလွန်ခဲ့သည့် အမျိုးသားသုံးဦးမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ပြီး ၎င်းတို့အား ဖမ်းဆီးအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ – ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်း