နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်

စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်ရသူများအပါအဝင် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသူများကို ရွေးတုအစိုးရက ပြန်လည်ခေါ်ယူနေခြင်းသည် ပိတ်ဆို့တင်းကြပ်၍ ပြည်သူ့စစ်မှုထမ်း (ပစ) အဖြစ် စုဆောင်းသွားရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ပရောက် လူငယ်များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထောက်ပြပြောဆိုကြသည်။

ရွေးတုအစိုးရလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများကို လူသားချင်းစာနာထောက်ထားမှုအရ ပြည်တွင်းသို့ ပြန်လည်ခေါ်ယူ ပေးနေသည်ဟု အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း တစ်ဖက်တွင် ပြည်သူ့စစ်မှုထမ်း စုဆောင်းခြင်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

“လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ် (ရွေးတုအစိုးရ) က တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်နေရတော့ လူအင်အားကို အင်မတန်မှ အရေးကြီးလိုအပ်နေတယ်။ တစ်ဖက်မှာတော့ မင်းသားမျက်နှာဖုံး စွပ်ပြ ပြီးတော့ ကြိုဆိုပါတယ်ဆိုတာမျိုး လုပ်ပြနေတာမျိုးပေါ့” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ရွေးတုအစိုးရ ပြန်လည်ခေါ်ယူလာသော ပြည်ပရောက် မြန်မာနိုင်ငံသားများသည်လည်း အနှေးနှင့် အမြန် တစ်နည်းနည်းဖြင့် ပြည်သူ့စစ်မှုထမ်းအဖြစ် စုဆောင်းခံရနိုင်ပြီး စစ်ရှုံးအထိနာလျက် ရှိသည့် ရှေ့တန်းစစ်မျက်နှာများသို့ စေလွှတ်သွားမည့် အခြေအနေရှိကြောင်း ၎င်းက ဆက်လက် ထောက်ပြသည်။

ရွေးတုအစိုးရစစ်တပ်သည် ခုခံတော်လှန်မှုများကြောင့် နယ်မြေများလက်လွှတ်ရကာ စစ်ရှုံးအထိနာနေ သဖြင့် လေကြောင်းအားပြု စစ်ရှိန်မြှင့်နေပြီး တပ်အင်အားဖြည့်တင်းရန် တပ်သားသစ် စုဆောင်းမှုကိုပါ တိုးမြှင့်လုပ်ဆောင်နေသလို လူငယ်များ ပြည်ပထွက်ခွင့်ကိုလည်း တားဆီးပိတ်ပင် တင်းကျပ်ကာ ငွေညှစ်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

အလားတူ ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့သက်တမ်းတိုး ကိစ္စရပ်များကိုပါ တင်းကျပ်ထားပြီး MoU ဖြင့် ထွက်ခွာလုပ်ကိုင်နေသူများပါ သတ်မှတ်သက်တမ်း ပြည့်ပါက ရပ်ဆိုင်းခြင်းနှင့် စစ်မှုထမ်းစာရင်းပါသူများကို မိသားစုမှတစ်ဆင့် ပြန်ခေါ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“ပြည်ပရောက်သူတွေ အခက်အခဲကြုံလာရင် အသေးအဖွဲပြဿနာတွေတောင် မဖြေရှင်းပေးနိုင်ဘူး။ အထောက်အထားအပြည့်အစုံ ရှိရက်နဲ့တောင် ကိုယ့်နိုင်ငံထဲကိုယ် မပြန်ရဲတဲ့အခြေအနေမှာ ပြည်တွင်း ကို လုံခြုံစွာပြန်ရောက်ဖို့ လုပ်ပေးနေတယ်ဆိုတာ ယုံကြည်စရာ မရှိပါဘူး” ဟု ပြည်ပရောက် လူငယ် အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်းစစ်အုပ်စုအသွင်ပြောင်း ရွေးတုအစိုးရသည် ၂၀၂၄ ခုနှစ်၊ ဧပြီလမှစတင်ကာ အသက်သွင်း ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အရွယ် ရောက်သူ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်း နေပြီး ယခုအခါတွင် တပ်အင်အား အလွန်အမင်း လိုအပ်လာမှုကြောင့် အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ထပ်မံခေါ်ယူသွားမည်ဟု သတင်း ထွက်ပေါ်လျက်ရှိသည်။

ရွေးတုအစိုးရကမူ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ မလေးရှား စသည့်နိုင်ငံများတွင် တရားမဝင်နေထိုင်မှုနှင့် အခြားသော လဝက စည်းကမ်းချက်များ ချိုးဖောက်၍ ပြစ်ဒဏ်ကျခံပြီးသူများအပါအဝင် အခက်အခဲ ကြုံနေရသည့် မြန်မာနိုင်ငံသားများကို ပြန်ခေါ်နေခြင်းဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအရ ဖြစ်သည်ဟု ဆိုထားသည်။

သို့သော်လည်း အဆိုပါ ပြန်လည်ခေါ်ယူမှုများသည် ၎င်းတို့အာဏာ တည်မြဲစေရေးအတွက် ခုတုံး လုပ်သည့် အကြောင်းပြချက်သာဖြစ်ပြီး စစ်မှုထမ်းရန် စုဆောင်းနေခြင်းသာဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ဝေဖန်ထောက်ပြသည်။

“ဒီလိုမျိုး ထုတ်ပြန်တာက သူတို့ရဲ့ ရှေ့စကား၊ နောက်စကား မညီတာလို့ပဲ မြင်ပါတယ်။ ပြီးတော့ သူတို့လုပ်နေတဲ့ အစီအစဉ်တွေ၊ သူတို့ထုတ်ပြန်နေတဲ့ ပြည်ပရောက်သူတွေနဲ့ ပတ်သက်တာအားလုံးဟာ ပြည်တွင်းကို ပြန်ခေါ်ပြီး စစ်မှုထမ်းဥပဒေနဲ့ အသက်ဆက်ဖို့လုပ်တာလို့ပဲမြင်တယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဖြစ်သည့် PRA Magway ဥက္ကဋ္ဌ ကိုနေမွန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များနှင့် စစ်အာဏာသိမ်းမှုကြောင့် နေရပ် စွန့်ခွာရသူများအနက် လေယာဉ်စရိတ် မတတ်နိုင်သည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို စစ်ရေယာဉ် များဖြင့် ပထမအကြိမ် ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ – MOI