‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၆ ရက်
‎

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် တပ်ရင်းဟောင်းနေရာ များကို ရွေးတုအစိုးရစစ်တပ်က ဂျက်တိုက်လေယာဉ်များ၊ အတွဲလိုက် Cluster ဗုံးများနှင့် ပေါင် ၃၀၀ ဗုံးများအသုံးပြုကာ ဆက်တိုက်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

 

ရွေးတုအစိုးရစစ်တပ်သည် အောက်တိုဘာ ၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုနှင့် ယိုးငူကျေးရွာ ကြားရှိ ဗျာလစစ်ဘေးရှောင် (IDP) စခန်းကို ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ စစ်ဘေးရှောင်ပြည်သူ ခြောက်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိကာ အိမ်ခန်းများ၊ အသုံးအဆောင် ပစ္စည်းများနှင့် ဆိုင်ကယ်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

ဆက်လက်၍ စစ်တပ်သည် အောက်တိုဘာ ၅ ရက်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာ စစ်ဘေးရှောင်စခန်း၊ “စေတနာ” အာရက္ခပြည်သူ့အကျိုးပြုဆေးခန်းနှင့် အောင်ဖြူပြင်ကျေးရွာတို့ကို တိုက်လေယာဉ် အုပ်စုလိုက်ဖြင့် နာရီဝက်နီးပါးကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပန်းနီလာစခန်းရှိ “စေတနာ” ယာယီဆေးခန်း ပျက်စီးသွားခဲ့ပြီး အသက် (၁၈) နှစ်အရွယ် သူနာပြုအလုပ်သင် ဆေးဝန်ထမ်း မခိုင်သဇင်စိုးမှာ ဦးခေါင်းတွင် ဗုံးစထိမှန်၍ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့သည်။

 

ထို့ပြင် အောင်ဖြူပြင်ကျေးရွာတွင် ပုဏ္ဏားကျွန်းမှ လာရောက်စစ်ဘေးရှောင်နေသူ ဒေါ်လှမေသိန်း (၅၄) နှစ် မှာလည်း ဦးခေါင်းဗုံးစထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဦးညီချေ (၆၃)နှစ် မှာ ရင်ဘတ်နှင့် ခြေထောက်တို့တွင် ထိ ခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင်လည်း တောင်ကုတ်မြို့ရှိ တပ်မ (၅၅)၊ ခလရ (၃၄၆)၊ ခလရ (၅၄၄) စသည့် တပ်ရင်းဟောင်းများကို ရွေးတုအစိုးရစစ်တပ်က ဂျက်တိုက်လေယာဉ် အုပ်စုလိုက်ဖြင့် ဗုံး ၁၈ လုံးအထိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၀ နာရီကျော်အထိ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ပြီး မြို့စွန်နှင့် မြို့ပတ်ဝန်းကျင်တစ်ခုလုံး ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားနေရကြောင်း သိရသည်။

 

အထိန်းအကွပ်မရှိ ငရဲခွေးထက်ဆိုးသည့် မိုက်ကန်းသောစိတ်ထားဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး အပြစ်မဲ့အရပ်သားပြည်သူလူထု၊ ရဟန်းသံဃာ၊ ကိုယ်ဝန်ဆောင်နှင့် ကလေးသူငယ်များပါမချန် အကြမ်း ဖက်လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ်ပြုလုပ်လာနေသဖြင့် ယခုရက်ပိုင်းအတွင်း “လေကြောင်းရန်” ကို အချိန်တိုင်း၊ စက္ကန့်တိုင်း အမြဲသတိထားကြရန် AA က အထူးတိုက်တွန်းထားသည်။

 

ဓာတ်ပုံ – AA Info Desk