ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်

 

လက်ရှိစပါးပေါ်ချိန်တွင် စပါးဈေးနှုန်း ကျဆင်းလေ့ရှိသောကြောင့် တောင်သူများ ဈေးကောင်းရရှိ စေရန်အတွက် စပါးများကို ချက်ချင်းရောင်းချခြင်းမပြုဘဲ သတ်မှတ်သိုလှောင်ရုံများတွင် အပ်နှံထားနိုင် သည့်စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါစနစ်အရ စပါးအပါအဝင် သီးနှံများ အပ်နှံချိန်တွင် တတိယအဖွဲ့အစည်း ကျွမ်းကျင်သူများက အရည် အသွေးနှင့် အရေအတွက်ကို စိစစ်လက်ခံမည်ဖြစ်ပြီး ကုန်လက်ခံပြေစာ ထုတ်ပေးခြင်းနှင့် ယင်းပြေစာကို အာမခံ သို့မဟုတ် အပေါင်အဖြစ်ထားရှိကာ ကာလတိုချေးငွေများ စီစဉ်ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။

 

 

“အဲဒီလိုအပေါင်စနစ် အဆင်ပြေရင် ကောင်းတယ်။ ရွာတွေအထိ ရောက်အောင် လုပ်နိုင်ရင် ပိုကောင်း တယ်။ အခုစပါးပေါ်ချိန်ဆို ပွဲစားတွေက ရွာအထိဆင်းဝယ်ကြတယ်။ အဲဒီတော့ သယ်ပိုးခတွေ မကုန်တော့ဘူး။ အခုသိုလှောင်ရုံအပ်ဖို့ဆို သယ်ခတွေရှိမယ်၊ အလုပ်သမားခတွေရှိမယ်။ ကိုယ့်ရွာနဲ့နီးတဲ့ နေရာမှာ သိုလှောင်ရုံရှိမလား။ အဲဒီလိုတွေတော့ လိုအပ်တယ်” ဟု ဆန်နှင့်စပါး ရောင်းဝယ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် သီးနှံများ ဈေးကောင်းရရှိချိန်တွင် အပ်နှံထားသည့်သီးနှံများကို ရောင်းချကာ ချေးငွေပြန်ဆပ် သည့်စနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ရွေးတုအစိုးရနှင့်ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း MRF က ဖော်ပြထားသည်။

 

လက်ရှိတွင် စပါးလှိုင်လှိုင်ပေါ်ချိန် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွက် စပါးစိုက်တောင်သူများ အသုံးပြုရန် သိုလှောင်ရုံပေါင်း ၅,၈၈၆ ရုံရှိပြီး အခြောက်ခံစက်များ လိုအပ်ချက်နှင့် ကိုက်ညီသည့် သိုလှောင်ရုံများတွင် စတင်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

 

ယင်းသီးနှံ အပ်နှံမှုအပေါ် ကာလတို ၆ လမှ ၉ လသက်တမ်းအတွက် သင့်တင့်မျှတသော ဘဏ် အတိုးနှုန်းဖြင့် ချေးငွေထုတ်ပေးမည့်ဘဏ်များနှင့် အာမခံဆောင်ရွက်ပေးမည့် အဖွဲ့အစည်း များကိုလည်း လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ထားသည်။

 

အခြောက်ခံစက်များရှိသော သိုလှောင်ရုံများတွင် ထိန်းသိမ်းခြင်းဖြင့် လေလွင့်ဆုံးရှုံးမှုများကို လျှော့ချနိုင် ခြင်း၊ တောင်သူလယ်သမားများ ဝင်ငွေတိုးပွားလာခြင်းနှင့် သီးနှံအရည်အသွေး ပိုမို ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု ပြင်းထန်နေချိန်တွင် နိုင်ငံအတွင်းရှိ သီးနှံများကို စနစ်တကျ သိုလှောင်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်