ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ရက်
ကချင်ပြည်နယ်၊ ရွှေကူနယ်မြေအတွင်းရှိ ပိတ်ထားသော ရွှေကူ-ငါးအိုး လမ်းမကြီးပေါ်တွင် ပြည်သူများ သွားလာလှုပ်ရှားခြင်း မပြုကြရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) တပ်မဟာ (၁၁)၊ တပ်ရင်း -၁၂ က အောက်တိုဘာ ၅ ရက်စွဲဖြင့် ထပ်မံသတိပေး ထုတ်ပြန်ထားသည်။
တပ်မဟာ (၁၁)၊ တပ်ရင်း-၁၂ ရွှေကူခရိုင်နယ်မြေအတွင်း နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ရွှေကူ-ငါးအိုး လမ်းမကြီးကို KIO/KIA မှ ပိတ်ပင်ထားသဖြင့် လုံးဝသွားလာခြင်းမပြုရန်နှင့် သွားလာရန်ရှိပါက သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းသာ သွားလာကြရန် အသိပေးထားသည်။
”စစ်တပ် စစ်ကြောင်း အခြေအနေတွေကြောင့် သတိပေးစာထုတ်ပြန်တယ်လို့ထင်ပါတယ်။ ပထမ အကြိမ်ထုတ်ပြန် တုန်းကလည်း ရက်ပိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းထိုးလာတာပါ” ဟုရွှေကူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ပိတ်ပင်ထားသော လမ်းပိုင်းများကို သွားလာပါက ရွေးတုအစိုးရစစ်တပ်၏ သတင်းပေး၊ သတင်းယူ သို့မဟုတ် သူလျှို (ဒလန်) အဖြစ် သတ်မှတ်မည်ဖြစ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ပြဿနာများကို KIO/KIA အနေဖြင့် လုံးဝ (လုံးဝ) တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း ပြတ်ပြတ် သားသား သတိပေးထားသည်။
KIO/KIA တပ်မဟာ (၁၁)၊ တပ်ရင်း-၁၂ သည် တိုက်ပွဲများ မဖြစ်ပွားမီ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း ရွှေကူမြို့အဝင် လမ်းမကြီးနှင့် ငါးအိုး-ရွှေကူ လမ်းမကြီးတို့အား အချိန်အခါမဟုတ် သွားလာခွင့် ပိတ်ပင်ခဲ့သည့်အပြင် ရွှေကူမြို့အတွင်းရှိ မိဘပြည်သူများအားလုံး မြို့အတွင်းမှ ထွက်ခွာတိမ်းရှောင် ကြရန် သတိပေးထုတ်ပြန်ခဲ့ဖူးသည်။
အဆိုပါ ဇွန်လ ထုတ်ပြန်ချက်တွင်လည်း တော်လှန်ရေးလမ်းကြောင်း၊ စီးပွားရေးလမ်းကြောင်း စသည့် ဘေးကင်းရာ လမ်းပိုင်းများကိုသာ အသုံးပြုကြရန်၊ ပိတ်ပင်ထားသော လမ်းပိုင်းများသို့ သွားလာပါက သို့မဟုတ် မြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ခြင်းမရှိဘဲ နေထိုင်ပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည် မဟုတ်ကြောင်း အသိပေးခဲ့သည်။
KIA က ထိုသို့ထုတ်ပြန်ပြီးနောက် ငါးအိုးဘက်မှ ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်၊ ငါးဘတ်ကြီး စသည့်နေရာများတွင်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။
မြေပုံ- NZY