ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်

 

ပြုပြင်ပြောင်းလဲရေးအတွက် ဆင်ခြေပေးနေလျှင် မြန်မာနိုင်ငံအနေဖြင့် နောက်ထပ် နှစ် ၂၀အတွင်း အဆင်းရဲဆုံးနိုင်ငံဖြစ်နေမည်ဟု ရွေးတုလွှတ်တော်တွင် လှိုင်သာယာ (အရှေ့ပိုင်း) ကိုယ်စားလှယ် ဦးအေးချမ်းက ပြောကြားလိုက်သည်။

 

အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်သည့် ရွေးတုလွှတ်တော်တွင် ဘဏ်များပေါင်းစည်းရေးနှင့် ပတ်သက်ပြီးဆွေးနွေးကြရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ မကိုက်ညီသေးပါဘူးဆိုတဲ့ ဆင်ခြေတွေ ပေးခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းကပါ။ အဲဒီ ၆၂ ခုနှစ်က ပေးခဲ့ဆင်ခြေတွေရဲ့ ရလဒ်က ဘာလဲ အရှေ့တောင်အာရှမှာအဆင်းရဲဆုံးနိုင်ငံဖြစ်သွားတယ်။ ကျွန်တော်အဆိုပြုတာက မြန်မာပြည်ကို နောက်ထပ်အနှစ်နှစ် ဆယ်လောက်အဆင်းရဲဆုံး နိုင်ငံထပ်အဖြစ် မခံနိုင်လို့ပါ”ဟု ၎င်းကပြောသည်။

ဘဏ်များပေါင်းစည်ရေး အဆိုနှင့်ပတ်သက်ပြီး ရွေးတုလွှတ်တော်ကိုယ်စားလှယ် ငါးဦးဆွေးနွေးကြပြီးနောက် အချိန်ကာလတစ်ခုရောက်မှသာစဉ်းစားသင့်ကြောင်း၊ လတ်တလောအခြေအနေတွင် စောင့်ကြည့်သွားမည်ဟု မှတ်တမ်းတင်ထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် အစိုးရပိုင်ဘဏ်လေးဘဏ်၊ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်ရှိကြောင်းသိရပြီး အဆိုပါဘဏ် ၂၇ဘဏ်တွင် ဘဏ်ကြီး ခုနှစ် ဘဏ်၊ ဘဏ်လတ် နှစ်ဘဏ် နှင့် ဘဏ်သေး ၁၈ ဘဏ်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။

 

ဘဏ်များပေါင်းစည်းရန် အဆိုတင်ခဲ့သည့် ဦးအေးချမ်းသည် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း ဖြစ်သည့် ဦးစိုးသိန်း၏သားဖြစ်ပြီး ဦးစိုးသိန်းသည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် စီးပွားရေးမူဝါဒများနှင့်ပတ်သက်ပြီး အဓိကတာဝန်ယူခဲ့သည့် စီနီယာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။