‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၆ ရက်
‎
‎ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ အလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲများသည် ဘက်စုံစစ်ပွဲ (Total War) အသွင်ဆောင်လာပြီး ရှေ့တွင် စစ်ရေးဆိုင်ရာ ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ ကနဦးသုံးသပ်ချက်တွင် ဖော်ပြထားသည်။
‎
‎ပြီးခဲ့သည့် စက်တင်ဘာလဆန်းမှစ၍ ခြေလျင်စစ်သည် ၂,၀၀၀ ဝန်းကျင်နှင့် စစ်သင်္ဘော ၁၀ စင်းထက်မနည်း အသုံးပြုကာ အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်နယ်မြေများကို ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ကြောင်း ခုနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
‎
‎အဆိုပါ စစ်ဆင်ရေးကို စစ်တပ်ထောက်ခံသူများက ‘၄၉၂၆ စစ်ဆင်ရေး’ သို့မဟုတ် ‘ရန်နိုင်အောင် စစ်ဆင်ရေး’ ဟု ခေါ်ဆိုကြပြီး ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းတို့အပြင် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့၏ နယ်စပ်မြို့နယ်များ၌ တိုက်ပွဲများ နေ့စဉ် ပြင်းထန်လျက်ရှိသည်။
‎
‎စစ်တပ်အတွက် ရခိုင်စစ်မျက်နှာစာသည် မဟာဗျူဟာအရရော ဂုဏ်သိက္ခာအရပါ အရေးကြီးနေသဖြင့် နယ်မြေများ ပြန်လည်ရယူရန် ထောင်နှင့်ချီသော စစ်အင်အားဖြင့် ဖိအားပေးတိုက်ခိုက်နေသည်ဟု ထည့်သွင်း ဖော်ပြသည်။
‎
‎ထိုသို့ တိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ်ကို ခွဲခြားသတ်မှတ်ခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပြင်းထန်စွာ ပစ်ခတ်နေသဖြင့် စစ်ပွဲသဘောတရားသည် အခြားဒေသများနှင့် မတူဘဲ ပိုမိုရက်စက်ကြမ်းကြုတ်သည့် အသွင်ဆောင်လာနိုင်ကြောင်း ထောက်ပြထားသည်။ စက်တင်ဘာ ၄ ရက်မှစ၍ အရပ်သား ၇၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ဘေးရှောင် အနည်းဆုံး ၆,၀၀၀ ကျော် ထပ်မံထွက်ပြေးနေရသည်။
‎
‎တပ်မများဖြစ်သည့် တပ်မ-၆၆၊ တပ်မ-၁၀၁၊ စကခ-၁၇၊ စကခ-၂၀ တို့အပြင် ကပစ စက်ရုံအင်အားများကိုပါ စုစည်း၍ စစ်တွေရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ ကွပ်ကဲနေသော်လည်း လက်ရှိအချိန်ထိ ULA/AA ဘက်က နယ်မြေဆုံးရှုံးမှု မရှိသေးဘဲ အချို့နေရာများတွင် လျှပ်တပြက် တန်ပြန်ထိုးစစ်များ ဖော်ဆောင်လျက်ရှိသည်။
‎
‎သို့သော်လည်း ယခုထိုးစစ်ကြောင့် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့ရှိ စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံများ (ကပစ) ဘက်သို့ ဦးတည်နေသည့် ULA/AA ၏ ထိုးစစ်မှာ ခံစစ်သဖွယ် ပုံပြောင်းသွားခဲ့ရသည်။ ထို့ပြင် စစ်ဘေးရှောင် ဦးရေ ပိုမိုများပြားလာခြင်းကြောင့် ULA/AA ထိန်းချုပ်နယ်မြေအတွင်း လူမှုစီးပွား ရိုက်ခတ်မှုများ ပိုမိုကြုံတွေ့ရနိုင်သည့်အပြင် ဆိုရှယ်မီဒီယာပေါ်ရှိ ဝါဒဖြန့်မှုများမှတစ်ဆင့် လူမျိုးရေး ပဋိပက္ခအသွင် ကူးစက်မသွားစေရန် သတိပြုရမည်ဖြစ်ကြောင်း ISP-Myanmar ၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။