ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာအနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးခဲ့ပြီး တပ်စုတစ်စုအပါအဝင် အင်အား ၂၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ကန်ပက်လက်မြို့ဘက်သို့ တပ်မ (၇၇) လက်အောက်ခံ အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ကြောင်းကို ချင်းပြည်သူ့အစည်းအရုံး (CUP/CPA) နှင့် အာရက္ခတပ်တော် (AA) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

“လောင်းရှည်မြို့ကနေ စစ်ကြောင်းထိုးတာပါ။ စက်တင်ဘာလ ၂၅ ရက်နေ့လောက်ကစပြီး မဆာတွီ ကျေးရွာအနီးဝန်းကျင်မှာ ထိတွေ့မှုဖြစ်တယ်။ ထိတွေ့မှုက ဒီနေ့ထိ ရှိနေသေးတယ်”ဟု ရှေ့တန်း စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တစ်ပတ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် အဆိုပါ မဆာတွီတိုက်ပွဲအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးခဲ့ပြီး ရုပ်အလောင်းများ သိမ်းဆည်းရမိခဲ့သလို တပ်ကြပ်ကြီးတစ်ဦးအပါအဝင် အင်အား ၂၀ ကျော်ပါသည့် တပ်စုတစ်စုကိုလည်း လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သည်။
“တပ်ကြပ်ကြီးအပါအဝင် ၂၀ ကျော် လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိတာရှိတယ်။ ၃၀ ကျော် သေဆုံးတဲ့ အလောင်းတွေရတယ်။ တိုက်ပွဲဖြစ်နေတုန်းမို့ အသေးအစိတ်ပြောဖို့ ခက်တယ်။ တိုက်ပွဲ ပြီးရင် တရားဝင်ထုတ်ပြန်မယ်ထင်ပါတယ်” ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ် ကို ပြောသည်။

ရွေးတုအစိုးရစစ်တပ်သည် ယမန်နေ့ အောက်တိုဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း တိုက်ပွဲ ပြင်းထန်နေသည့် မဆာတွီကျေးရွာအနီးဝန်းကျင်သို့ ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ကာ ပစ်ကူပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် မဆာတွီကျေးရွာအပြင် ဆွဲလွဲကျင်း၊ အင်ဘူး၊ ပါးချောင်း၊ ပိန်းချောင်း၊ ယမ်းနှင့် ကြိမ်ကြီး စသည့် ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် ဒေသများတွင် တပ်စွဲ လှုပ်ရှားလျက် ရှိနေသည်။
ပုံစာ-သိမ်းဆည်းရမိသည့်ပ လက်နက်ခဲယမ်းများ၊