ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်

မြန်မာ – အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ တီချောင်းတစ်လျှောက် အိန္ဒိယစစ်တပ်က တပ်စခန်းများ တိုးချဲတည်ဆောက်ထားပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း နယ်စပ်ဒေသခံများထံမှ သိရှိရသည်။

ရိဒ်ခေါဒါရ် နှင့် မီဇိုရမ်ကြား တီးချောင်းတစ်လျှောက်တွင် အိန္ဒိယ စစ်တပ်က ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ စခန်းများ တည်ဆောက်ကာ လက်ရှိတွင် စခန်း (၁၀) ခုကျော် ဆောက်လုပ်ပြီးစီးပြီး အင်အား အများအပြား ချထားသည်။

အဆိုပါ စခန်းများကို မည်သည့်အတွက်ကြောင်း တည်ဆောက်ထားသည်ကို ဒေသခံများအနေဖြင့် မသိရှိသလို မူလက စခန်းများ ရှိသည့်နေရာများတွင် တည်ဆောက်ထားခြင်းမရှိဘဲ နေရာအသစ်များတွင် တည်ဆောက်ခြင်းဖြစ်သည်။

“အိန္ဒိယဘက်ခြမ်း တီချောင်းတလျှောက် စခန်းအသစ် ၁၀ခု ကျော် ဆောက်ထားတယ်။ မြန်မာနဲ့ နီးနီးကပ်ကပ်ဘဲ။ စခန်းသစ်မှာ အင်အားတွေလည်း အများကြီး ချထားတာ တွေ့ရတယ်။ နယ်စပ်တလျှောက် လုံခြုံရေး ကင်းတွေ ချထားတယ်” ဟု ရိဒ်ခေါဒါရ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် တီချောင်းတစ်လျှောက်တွင် တပ်စခန်းအသစ်များ တည်ဆောက်ထားပြီး မြန်မာ-အိန္ဒိယနယ်စပ် အဝင်/အထွက်ကိုလည်း အိန္ဒိယ စစ်တပ်က စစ်ဆေးခြင်းနှင့် ကုန်စည်အထွက်တို့ကို ကန့်သတ်ခြင်းတို့ ဆောင်ရွက်နေကြောင်း သိရသည်။

“စခန်းတွေ ဆောက်ပြီး အရင်က တံတားက မဟုတ်ဘဲ အဝင်အထွက် လုပ်လို့ရတဲ့နေရာတွေမှာ လုံခြုံရေးတွေ ချထားသလို ရိဒ်ခေါဒါရ် – ဇိုခေါထာရ်တံတားမှာလည်း လူအဝင်အထွက် တင်းကျပ်ထားတယ်။ ဖမ်းဆီးခံရတာလည်း ရှိတယ်။ ကုန်စည်အထွက်တွေကိုလည်း ကန့်သတ်ပြီး သိမ်းဆည်းခံရတာထိ ရှိဖူးတယ်”ဟု ရိဒ်ခေါဒါရ်ဒေသခံတစိဦးက ဧရာဝတီတိုင်စမ်ကို ပြောသည်။

ရိဒ်ခေါဒါရ်မြို့သည် အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေးစခန်းတည်ရှိပြီး ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ ထိန်းချုပ်ထားသောမြို့လည်းဖြစ်သည်။