ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်

မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးကိစ္စကို မကြာ မီ မလေးရှားနိုင်ငံသို့ လာရောက်မယ့် မြန်မာ ရွေးတုသမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးမယ် လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အောက်တိုဘာ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

မလေးရှားပါလီမန်မှာ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားစဉ် အန်ဝါက အခုလို ပြောကြားခဲ့ ပြီး မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၂ သိန်းနီးပါးရဲ့ ဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့ တိကျတဲ့ လမ်း ပြမြေပုံတစ်ခု ရေးဆွဲသွားမယ်လို့ ဆိုပါတယ်။

မလေးရှားအစိုးရဟာ မြန်မာရွေးတုအစိုးရနဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ပြီးနောက် ဇန်နဝါရီလ နောက်ပိုင်း မြန်မာနိုင်ငံသား ၁ သောင်းကျော်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး အဲဒီထဲမှာ စစ်သင်္ဘောနဲ့ ပို့ဆောင် သူ ၁,၄၀၀ လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သူတွေထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေ လုံးဝ မပါဝင်သေး ဘူးလို့ အန်ဝါက ဆိုပါတယ်။

နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်၊ ကရင်၊ ရှမ်း ဒါမှမဟုတ် ရိုဟင်ဂျာဖြစ်စေ မြန်မာနိုင်ငံသား အားလုံးကို မြန်မာက ပြန်လည်လက်ခံရမှာဖြစ်ပြီး ပြန်သွားသူတွေဟာ ဖိအားပေးခံရတာ မရှိဘဲ ဆန္ဒအ လျောက် သဘောတူညီမှု လက်မှတ်ထိုးပြီး ပြန်ကြတာလို့ ၎င်းက ပြောပါတယ်။

အနောက်နိုင်ငံတွေလို မြန်မာအစိုးရနဲ့ မဆက်ဆံဘဲ ငြင်းပယ်ထားတာမျိုး မဟုတ်ဘဲ မလေးရှားအ နေနဲ့ အာဆီယံ မူဝါဒအတိုင်း သီးခြားရပ်တည်ကာ တိုက်ရိုက် ဆွေးနွေးတဲ့ နည်းလမ်းကို ရွေးချယ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

မလေးရှားနိုင်ငံရောက် ဒုက္ခသည်ပြဿနာကို မဖြေရှင်းနိုင်ရင် အနာဂတ်မှာ နိုင်ငံတော် လုံခြုံရေး အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်လို့ အန်ဝါက ထောက်ပြပါတယ်။

မြန်မာနိုင်ငံသားတွေ ပြန်လည်လက်ခံရေးမှာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှု တွေ မရှိစေဖို့ ကာကွယ်ပေးရမယ့်အပြင် နိုင်ငံတကာ ဥပဒေစံနှုန်းတွေနဲ့အညီ ဆောင်ရွက်ရမယ်ဆိုတဲ့ အ ချက်နှစ်ချက်ကိုလည်း မလေးရှားက စည်းကမ်းချက်အဖြစ် သတ်မှတ်ထားပါတယ်။

News: The Star/Bernama
Ref; PM to discuss Rohingya repatriation during Myanmar president’s Malaysia visit