ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
ရွေးတုသမ္မတ မင်းအောင်လှိုင်၏ မလေးရှားခရီးစဉ်ကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် လာမည့် အောက်တိုဘာ ၇ ရက်တွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အလုပ်သို့ လုံး၀ သွားရောက်ခြင်းမပြုဘဲ ‘အလုပ်ရပ်နား သပိတ်မှောက်’ ခြင်းဖြင့် ပါဝင်ကြရန် Myanmar Affairs Alliance (MAA) က တိုက်တွန်းထား သည်။
အဆိုပါ လှုပ်ရှားမှုသည် မလေးရှားနိုင်ငံရှိ အလုပ်ရှင်များနှင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေရန် (သို့မဟုတ်) အလုပ်ရှင်နှင့် အလုပ်သမားကြား ပြဿနာဖန်တီးရန် မဟုတ်ဘဲ နိုင်ငံနှင့် လူမျိုးအတွက် သမိုင်းပေးတာဝန်အရ ပြုလုပ်ခြင်းဖြစ်၍ မလေးရှားအလုပ်ရှင်များအနေဖြင့် ကိုယ်ချင်းစာနားလည် ပေးပါရန် မေတ္တာရပ်ခံထားသည်။

ထို့ပြင် ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် သမ္မတ မဟုတ်ဘဲ ပြည်သူများကို သတ်ဖြတ်နေသည့် ရာဇဝတ်ကောင်သာဖြစ်၍ မလေးရှားအစိုးရအနေဖြင့် ၎င်းနှင့် တွေ့ဆုံဆက်ဆံခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးမျှ ရရှိမည်မဟုတ်ဘဲ နိုင်ငံတကာစာမျက်နှာ တွင် အရှက်ရစရာ ဖြစ်လာမည်ဟုလည်း MAA က အသိပေးထားသည်။
ယခု သပိတ်မှောက်လှုပ်ရှားမှုမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီး ခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်နှင့် အရပ်သားများ နေထိုင်ရာ စာသင်ကျောင်း၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန်လည်း တောင်းဆိုထားသည်။
မြေပြင်လှုပ်ရှားမှုတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ခြင်းမပြုနိုင်သူများအနေဖြင့်လည်း ဖေ့စ်ဘွတ် ကဲ့သို့ လူမှုကွန်ရက်များတွင် “The Bloodstained Ghost (သွေးစွန်းစစ်ရာဇဝတ်ကောင်)” ပရိုဖိုင်ပုံများ ပြောင်းလဲကာ မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း ပြသကြရန် MAA က နှိုးဆော်ထားသည်။
ဓာတ်ပုံ – MAA