ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်အတွင်း၌ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူများနှင့် ရွေးတုအစိုးရလက် အောက်ခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးရောင်းစားမှုများ ကျူးလွန်နေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူများသည် ကိုယ်ရေးကိုယ်တာ ရန်ငြိုးရှိသည့် နေအိမ်များကိုပါ မမှန်မကန် သတင်းပေးမှုများပြုလုပ်ကာ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခိုင်းခြင်း၊ ညအိပ်ညနေ ဧည့်သည် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။
“ရဲတွေက အရက်သမား၊ ဆေးသမားတွေနဲ့ ပေါင်းပြီး ရဲယောင်ဆောင်ခိုင်း၊ ကိုယ်နဲ့မတည့်တဲ့ အိမ်တွေကိုလည်း မမှန်သတင်းပေးပြီး ဧည့်စာရင်းဝင်စစ်ခိုင်းတယ်။ မဟုတ်တာတွေ စွပ်စွဲပြီး ပြန်ပြော ရင် အုပ်စုဖွဲ့ ထိုးကြိတ်ကြတာ” ဟု ကမာရွတ်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် လမ်းသွားလမ်းလာများ၏ လက်ကိုင်ဖုန်းများကို စစ်ဆေးကာ မဟုတ်မကန် စွပ်စွဲပြောဆိုမှုများ ပြုလုပ်လေ့ရှိပြီး အုပ်စုဖွဲ့ ထိုးကြိတ်ရိုက်နှက်ကာ ဆိုင်ကယ်၊ ကားများပေါ်သို့ အတင်းအဓမ္မတင်ဆောင် လျက် လူပြန်ပေးဆွဲသည့် ပုံစံဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ဒေသခံများက ဆိုသည်။
အလားတူ ကမာရွတ်မြို့နယ်၊ ရတနာလမ်းအနီးတွင်လည်း လူငယ်တစ်ဦးအား ပရဟိတယာဉ်တစ်စီးကို အသုံး ပြု၍ အတင်းအဓမ္မ ဖမ်းဆီးသွားသဖြင့် အဆိုပါလူငယ်မှာ အော်ဟစ်အကူအညီတောင်းခံခဲ့ရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း မျက်မြင်မြို့ခံများက ဧရာ၀တီတိုင်းမ်ကို အတည်ပြုပြောဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်အသီးသီးတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ပြည်သူများထံမှ ငွေညှစ်ခြင်းနှင့် မတရားဖမ်းဆီးရောင်းစားခြင်းများကို ယနေ့အချိန်ထိ ဆက်တိုက် ကျူးလွန် လျက်ရှိသည်။