‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၅ ရက်

 

မိုးရာသီအကုန်ပိုင်းတွင်ပင် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ရေအားလျှပ်စစ် ရေလှောင်တမံ များတွင် ရေခန်းခြောက်နိုင်ခြေရှိသည်ဟုအကြောင်းပြကာ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝန်း မြို့ကြီးများတွင် လျှပ်စစ်မီး အလှည့်ကျပေးမည့်စနစ်ကို ရွေးတုအစိုးရ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

ရွေးတုအစိုးရသည် လျှပ်စစ်ဓာတ်အား အလှည့်ကျစနစ်ဖြင့် ဝန်အားထိန်းညှိကာ ဓာတ်အားဖြန့်ဖြူးမည့် အစီအစဉ်ကို ယနေ့ အောက်တိုဘာ ၅ ရက် တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယခုနှစ်နွေရာသီတွင် ရေလှောင်တမံများ၌ ရေခန်းခြောက်မှု ပိုမိုနိုင်ချေရှိသဖြင့် လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီကာလအထိ တမံများ၏ ရေသိုလှောင်ထားမှုပမာဏကို ထိန်းညှိပြီးမှသာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။

သို့သော် ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့တွင် ရွေးတုအစိုးရ၏ အချိန်ဇယားများ မထုတ်ပြန် ရသေးမီက တည်းကပင် လျှပ်စစ်မီးများ ဆက်တိုက် ပြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

“အချိန်ဇယားမထွက်ခင်ကတည်းက ရန်ကုန်မှာ မီးပြတ်နေပြီ။ နှစ်ရက်လောက်ရှိပြီ။ မနေ့ကဆို ထမင်းအိုးတောင် မတည်လိုက်ရဘူး။ ဒီရက်ပိုင်း မိုးကလည်း မရွာတော့ ပူတယ်။ စူပါအယ်လ်နီညိုနဲ့ မီးပြတ်ခံရမှာနဲ့ဆိုတော့ အပူဒဏ်ကို တော်တော်ခံစားရမယ်” ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိထွက်ပေါ်လာသည့် အချက်အလက်များအရ ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီး များတွင် လျှပ် စစ်မီးကို ၄ နာရီလာ၊ ၄ နာရီပြတ်စနစ် (သို့မဟုတ်) ၆ နာရီလာ၊ ၆ နာရီပြတ်စနစ် များဖြင့် အလှည့်ကျ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ စီးပွားရေးလုပ်ငန်းများထံသို့ တစ်ယူနစ်လျှင် ၉၀၀ ကျပ်နှုန်းဖြင့် LNG (အရည်ပျော် သဘာဝဓာတ်ငွေ့) အသုံးပြုကာ လျှပ်စစ်မီး ဖြန့်ဖြူးပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍မူ ရွေးတုအစိုးရ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တစ်စုံတစ်ရာ ပါဝင်ခြင်း မရှိသေးပေ။

 

ပြင်းထန်သည့် အယ်လ်နီညို သက်ရောက်မှုကြောင့် အပူချိန်မြင့်မားလာပြီး စွမ်းအင်လိုအပ်ချက် မြင့်တက်လာသည့်အချိန်တွင် ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှု အချိုးညီမှု မရှိပါက တစ်နိုင်ငံလုံး ဓာတ်အားစနစ် ပြတ်တောက်ခြင်း (System Breakdown) အထိ ဖြစ်ပေါ်ပြီး ပြည်သူများအခက်တွေ့နိုင်ကြောင်းသာ ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်