ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ပန်းနီလာ စစ်ဘေးရှောင်စခန်းကို ယနေ့ အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးကာ စေတနာ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းများနှင့် စစ်ဘေးရှောင်ပြည်သူ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်တပ်၏ ဂျက်တိုက်လေယာဉ်များနှင့် Y-12 ကင်းထောက်လေယာဉ်များသည် ယနေ့ အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီကျော်အချိန်မှစ၍ ပန်းနီလာစစ်ဘေးရှောင်စခန်းကို ဗုံးသီး အနည်းဆုံး လေးလုံးထက် မနည်း လာရောက်ကြဲချခဲ့ခြင်း ဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်သည် နံနက် ၉ နာရီ ၂၉ မိနစ်၊ ၉ နာရီ ၃၅ မိနစ်နှင့် ၉ နာရီ ၄၀ မိနစ်တို့တွင် ရှေ့ဆင့် နောက်ဆင့် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
“စစ်ဘေးရှောင်စခန်းတွေကို ဆက်တိုက်တိုက်ခိုက်လာတယ်။ ဂျက်ဖိုက်တာရောY-12 ရောလာချတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ ဆေးခန်းပေါ်သို့ ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး စေတနာ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းများနှင့် စစ်ဘေးရှောင် အရပ်သား ၂၀ ခန့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေစဉ်အတွင်း Y-12 ကင်းထောက်လေယာဉ် များပါ ဆက်တိုက်ဝဲပျံနေသဖြင့် စစ်ဘေးရှောင်ပြည်သူများမှာ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများကို ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့ကလည်း ယင်းမြို့နယ် အတွင်းရှိ “ယိုးငူ (ဗျာလ) စစ်ဘေးရှောင်စခန်း” ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ခြောက်ဦး သေဆုံးခဲ့သည်။
ဓာတ်ပုံ – AA Info Desk
ပုံစာ – ဗျာလစစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခံရစဉ် မြင်ကွင်း။