ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လွန်ခဲ့သည့် သုံးနှစ်နီးပါးက ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းနှင့် ပျူစောထီးအဖွဲ့တို့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဒေသခံ ၁၂ ဦး၏ ရုပ်အလောင်းများကို တောအတွင်း မြှုပ်နှံထားသည့် မြေကျင်းနှစ်ကျင်းအတွင်းမှ ပြန်လည်တူးဖော် တွေ့ရှိခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) ထံမှ သိရသည်။

တောတွင်းသို့ မှိုရှာထွက်သည့် ဒေသခံတစ်ဦးသည် ယမန်နေ့ အောက်တိုဘာ ၄ ရက်က အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည့်နေရာကို စတင်တွေ့ရှိခဲ့ပြီးနောက် ဒေသတာဝန်ရှိသူများထံ သတင်းပေးပို့ ခဲ့သဖြင့် သွားရောက်ရှာဖွေစစ်ဆေးရာမှ အဆိုပါ မြေကျင်းနှစ်ခုကို တွေ့ရှိခဲ့ပြီး ရုပ်အလောင်း ၁၂ လောင်းစလုံးကို ပြန်လည်တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မြိုင်မြို့နယ် စက်မှု (၂) ဘက်မှ ဝဲတူးဘက်သို့ ထွက်ခွာလာသည့် စစ်တပ်စစ်ကြောင်းသည် ဂွေးကုန်းကျေးရွာ အရှေ့ဘက်သို့ ရောက်ရှိစဉ် အနီးနားကျေးရွာများမှ ဒေသခံများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အလောင်းတွေမှာ တွေ့ရတဲ့ မှတ်ပုံတင်၊ ကျောင်းသားကတ်၊ မွေးစာရင်းစာရွက် စတဲ့ အချက် အလက် တွေအရ ဂွေးကုန်းရွာမှ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်နေတယ်ဆိုတာ သိခဲ့ရပါတယ်။ အဲဒီ ရက်ရက်စက်စက် သတ်ဖြတ်မှုကို ဝက်ပုတ်ရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေနဲ့ ဝက်ပုတ်ရွာမှာ တာဝန်ကျနေတဲ့ ဗိုလ်ဘိုဖြူတို့က ဦးဆောင်ခဲ့တာလို့ သိခဲ့ရပါတယ်” ဟု အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကြောင်း၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် ဒေသခံ ၁၂ ဦးမှာ အသက် (၁၅) နှစ်အရွယ် လူငယ်မှစ၍ အသက် (၆၁) နှစ်အရွယ် လူကြီးများအထိ ပါဝင်ကြပြီး ဂွေးကုန်းကျေးရွာမှ ကိုး ဦး၊ မကျီးကုန်းကျေးရွာမှ တစ် ဦး၊ သံချောင်းကျေးရွာမှ တစ် ဦးနှင့် မကျည်းကန်ကျေးရွာမှ တစ် ဦးတို့ ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က ပျူစောထီးစခန်းစိုက်ရာ ဝက်ပုတ်ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စိစစ်သိမ်းဆည်း ရမိသည့် မှတ်စုစာအုပ်ပါ မှတ်တမ်းများအရ အဆိုပါ ဒေသခံ ၁၂ ဦးမှာ ဖမ်းဆီးခံရပြီး နှစ်ရက်အကြာ၌ပင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်)