ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည့်ကွက်သစ် ကျောက်ကြီးတောင် စစ်တပ်အထိုင်စခန်းသို့ ရိက္ခာပို့လာသည့် ရွေးတုအစိုးရလက်အောက်ခံ စစ်တပ်တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်တပ်သည် ကျောက်ကြီးတောင်အထိုင်ဂိတ်စခန်းသို့ လူအင်အားအပြောင်းအလဲလုပ်ရန်နှင့် ရိက္ခာ၊ခဲယမ်းပို့ရန်အတွက် အင်အားအများအပြားဖြင့် လာရောက်စဉ် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် နှစ် ဦးသေဆုံးပြီး လေး ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပေါင်းတည်ဘက်မှာတော့စစ်ရေးအခြေအနေကနည်းနည်းတင်းမာနေတယ်။ ခုဆိုရင်ကျောက်ကြီးတောင်ဘက်တက်လာတဲ့ စစ်တပ်က နောက်ကြောင်းပြန်ဆုတ်သွားပြီး ဝဲအိတ်ဆည်ဘက်ကို အဖွဲ့နှစ်ဖွဲ့ခွဲတက်နေတယ်။ အခုဆိုရင်လည်း ဒီနေ့မှာဒရုန်းကြဲပြီး တိုက်ခိုက်တာတွေရှိနေတယ်” ပြည်ခရိုင်တပ်ရင်း(၁) စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် ရှဲလ်ဒိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးတပ်သားအလောင်းများနှင့် ဒါဏ်ရာရရှိသူများကို ၎င်းတို့ ရိက္ခာ၊ ခဲယမ်းများ တင်ဆောင်လာသည့် ကားဖြင့်ပင် ရွှေတောင်မြို့ ကုတင်(၁၀၀) စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်သည်ဟုဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၄)မှ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် အဆိုပါ အဂ္ဂရာပြည့်ကွက်သစ် ကျောက်ကြီးတောင်စစ်တပ်ဂိတ်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့ကလည်း ပြည်ခရိုင် တပ်ရင်း(၁) မှ စနိုက်ပါများ၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ တပ်သား တစ်ဦးသေဆုံးပြီး ငါး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်