ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်

မန္တလေးမြို့တွင် လာမည့် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ စစ်မှုထမ်းကင်းလွတ်ခွင့်အတွက် ငွေကြေး ကောက်ခံသည့်စနစ်ကို ဖျက်သိမ်းမည်ဖြစ်ပြီး မဲနှိုက်ရွေးချယ်ထားသည့် အစဉ်လိုက်အတိုင်း စစ်မှုထမ်း စေမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့များနှင့် နီးစပ်သူများထံမှ သိရသည်။

ငွေကြေးကောက်ခံသည့်စနစ်ကို ဖျက်သိမ်းမည်ဟုဆိုသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့သည် ၎င်းတို့၏ သားနှင့် သမက်များကို တက္ကသိုလ်များတွင် ပြန်လည် ကျောင်းအပ်နှံစေကာ စစ်မှုထမ်း မဲပေါက်သော်လည်း ကျောင်းတက်နေသည်ဟု အကြောင်းပြချက်ဖြင့် ကင်းလွတ်ခွင့်ရယူနေကြကြောင်း ဒေသခံများထံမှ သိရသည်။

“အရင်လို စစ်မှုထမ်းကြေးဆိုပြီး ပိုက်ဆံကောက်တာမျိုး မလုပ်တော့ဘဲ ဗလာမပါတဲ့ မဲနှိုက်ပြီး မဲပေါက်တဲ့ အစဉ်လိုက်အတိုင်းပဲ တိုက်ရိုက် ခေါ်ယူတော့မယ်လို့ ပြောတယ်” ဟု အုပ်ချုပ်ရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် စတင်ခေါ်ယူတော့မည်ဆိုသည့် ညွှန်ကြားချက်စာပါ ထွက်ရှိထားကြောင်းလည်း အုပ်ချုပ်ရေးပိုင်းအတွင်းမှ သတင်းများ ထွက်ပေါ်လျက်ရှိပြီး အသိပေးမှု များရှိကြောင်း သိရသည်။

ယင်းပြင် စစ်တပ်ဘက်မှလည်း စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်ရရှိသူ မဟုတ်ပါက အနုပညာရှင်၊ အတတ် ပညာရှင်နှင့် နာမည်ကျော်ကြားသူများ၏ သားသမီးများကိုပါ စစ်မှုထမ်းရန် ခေါ်ဆိုသွားမည်ဟု စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင်ရွေးတုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်မျိုးသန့်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်ရရှိသူ မဟုတ်ရင် ဘယ်သူ့ကိုမဆို ဥပဒေအရ စစ်မှုထမ်း ခေါ်ဆိုသွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်အောင်မျိုးသန့်က ဖြေကြားထားသည်။

ပုံစာ-စစ်မှုထမ်းသင်တန်း တက်ရောက်ရန် အဓမ္မစုဆောင်း ခံထားသူများကို တွေ့ရစဉ်။