ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ အောက်တိုဘာ ၄ ရက်)
၁၉၉၆ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရေးခဲ့တဲ့ “Breakfast Blues” ဆောင်းပါးထဲမှာ တစ်ချိန်က အကြော်၊ ငါးဖယ်၊ ဘဲဥ၊ နံနံပင်တွေနဲ့ ပြည့်ပြည့်စုံစုံရှိခဲ့တဲ့ မုန့်ဟင်းခါးဟာ ကုန်ဈေးနှုန်းမြင့်တက် လာတာနဲ့အမျှ တဖြည်းဖြည်း ပါဝင်ပစ္စည်းနည်းလာပြီး အာဟာရတန်ဖိုးပါ ကျဆင်းလာပုံကို ရေးသား ခဲ့ပါတယ်။
အနှစ် ၃၀ ကြာလာပြီး စစ်ခေါင်းဆောင်တွေ နိုင်ငံကို လုပ်ချင်တိုင်းလုပ်နေကြတဲ့ ယနေ့အချိန်မှာလည်း အဲဒီမေးခွန်းကို ပြန်မေးရမယ့် အခြေအနေ ရောက်နေပါတယ်။
မုန့်ဟင်းခါးတစ်ပွဲထဲမှာ ဘာတွေ ပျောက်ဆုံးသွားပြီလဲ။
မုန့်ဟင်းခါးဆိုတာ မြန်မာတို့ရဲ့ ကိုယ်စားပြုအစားအစာတစ်မျိုးပါ။ မနက်ခင်းတစ်ခုရဲ့ အမှတ်တရ၊ လမ်းထိပ်က မုန့်ဟင်းခါးဆိုင်၊ အကြော်ပူပူ၊ ငါးအရသာပါတဲ့ ဟင်းရည်မွှေးမွှေးနဲ့ မြန်မာတို့ရဲ့ နေ့စဉ်ဘဝထဲမှာ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ မုန့်ဟင်းခါးတစ်ပွဲကို သေချာကြည့်မယ်ဆိုရင် အဲဒီပန်းကန်ထဲမှာ အာဟာရအခြေအနေ၊ မိသားစုဝင်ငွေ၊ ကုန်ဈေးနှုန်း၊ စားသောက်ကုန်ရရှိနိုင်မှုနဲ့ နိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေကိုပါ မြင်နိုင်ပါတယ်။
“မုန့်ဟင်းခါးတစ်ပွဲထဲမှာ ဘာတွေ ပျောက်သွားပြီလဲ” ဆိုတဲ့ မေးခွန်းဟာ တကယ်တော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ အာဟာရမမျှတမှု၊ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ အများကြီးကို ရိုးရိုးရှင်းရှင်း မြင်သာအောင် ဖော်ပြနိုင်တဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။
မုန့်ဟင်းခါးဟာ အာဟာရပြည့်ဝတဲ့ အစားအစာတစ်မျိုး ဖြစ်ခဲ့ပါတယ်။
မုန့်ဟင်းခါးကို မူလပုံစံအတိုင်း ပါဝင်ပစ္စည်းပြည့်ပြည့်စုံစုံ ချက်စားနိုင်မယ်ဆိုရင် လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရအုပ်စု အများအပြားကို မုန့်ဟင်းခါးတစ်ပွဲတည်းကနေ ရရှိနိုင်ပါတယ်။
မုန့်ဖတ်က အဓိကအားဖြင့် ကစီဓာတ်ပေးပြီး ခန္ဓာကိုယ်လှုပ်ရှားဖို့ လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ငါးဟင်းရည်ထဲက ငါးအသားတွေက အသားဓာတ် ပေးပါတယ်။
ကြက်ဥ၊ ဘဲဥတို့ ထည့်စားရင် အသားဓာတ်အပြင် အဆီဓာတ်နဲ့ ဗီတာမင်၊ သတ္တုဓာတ် စတဲ့ အာဟာရအသေးစားဓာတ်များကိုလည်း ရရှိနိုင်ပါတယ်။ အာဟာရအသေးစားဓာတ်ဆိုတာ ခန္ဓာကိုယ်က ပမာဏအများကြီး မလိုအပ်ပေမယ့် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် မျိုးတွေကို ဆိုလိုတာပါ။
ကြက်သွန်၊ စပါးလင်၊ ငှက်ပျောအူ၊ ပဲသီး၊ နံနံပင် စတဲ့ ပါဝင်ပစ္စည်းတွေကလည်း ဟင်းရဲ့အနံ့အရသာကို ပိုကောင်းစေရုံသာမက အပင်မှရတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ အခြားအာဟာရဓာတ်တချို့ကို ဖြည့်တင်း ပေးပါတယ်။
ဒါကြောင့် ငါးအသင့်အတင့်၊ ဟင်းသီးဟင်းရွက်စုံစုံ၊ ကြက်ဥ သို့မဟုတ် ဘဲဥတစ်လုံးနဲ့ အကြော် အနည်းငယ် ပါဝင်တဲ့ မုန့်ဟင်းခါးတစ်ပွဲဟာ မနက်စာကောင်းတစ်နပ် ဖြစ်နိုင်ပါတယ်။
ဗိုက်ပြည့်ခြင်းနဲ့ အာဟာရပြည့်ခြင်
လက်ရှိ နိုင်ငံအုပ်ချုပ်မှု ညံ့ဖျင်းလွန်းတာကြောင့် လူထုဘဝမှာ အစစအရာရာ ရှားပါးပြီး ဆင်းရဲလာတဲ့ အချိန်မှာ ပြဿနာက “မုန့်ဟင်းခါးစားခြင်း” မဟုတ်ပါဘူး။
ပြဿနာက မုန့်ဟင်းခါးထဲက အာဟာရကောင်းတွေ တဖြည်းဖြည်း ပျောက်ဆုံးသွားခြင်း ဖြစ်ပါတယ်။
မုန့်ဖတ်ရှိနေတယ်။ ဟင်းရည်လည်း ရှိနေတယ်။
ဒါပေမဲ့ အရည်အသွေး ကျလာတယ်။ ငါးပမာဏ နည်းလာတယ်။ ကြက်ဥ၊ ဘဲဥဟာ ပုံမှန်ပါဝင် ပစ္စည်းမဟုတ်တော့ဘဲ ငွေပိုပေးမှ စားနိုင်တဲ့ အပိုအစားအစာ ဖြစ်လာတယ်။ ပဲသီး၊ နံနံပင်၊ ငှက်ပျောအူ စတဲ့ အပင်ထွက်ပါဝင်ပစ္စည်းတွေပါ နည်းလာတယ်။
ဒီလိုနဲ့ မုန့်ဟင်းခါးတစ်ပွဲဟာ အာဟာရပြည့်ဖို့ထက် ဗိုက်ပြည့်ဖို့အတွက်သာ စားရတဲ့ အစားအစာ ဖြစ်လာပါတယ်။ ဗိုက်ပြည့်ခြင်းနဲ့ အာဟာရပြည့်ခြင်းက မတူပါဘူး။
ကစီဓာတ်များတဲ့ အစားအစာကို အဓိကစားနေရပြီး အသားဓာတ်၊ ဟင်းသီးဟင်းရွက်၊ ဗီတာမင်နဲ့ သတ္တုဓာတ် ရရှိမှုနည်းလာတာကို ရေရှည်ကြုံတွေ့ရရင် “အစားအစာတော့ ရှိတယ်၊ ဒါပေမဲ့ အာဟာရ မပြည့်ဘူး” ဆိုတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။
ဒီအချက်ဟာ ယနေ့မြန်မာနိုင်ငံအတွက် ထင်မြင်ယူဆချက်သက်သက် မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အိမ်ထောင်စုတွေကို လေ့လာထားတဲ့ အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာမူဝါဒ သုတေသနအဖွဲ့ (IFPRI) ရဲ့ သုတေသနတစ်ခုအရ ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ အရွယ်ရောက်သူ ၂၇.၁ ရာခိုင်နှုန်းဟာ လုံလောက်တဲ့ အစားအစာအမျိုးအစားစုံလင်မှု မရှိခဲ့ဘူးလို့ တွေ့ရှိထားပါတယ်။
မုန့်ဟင်းခါးနဲ့ မြန်မာနိုင်ငံ စီးပွားရေးအခြေအနေ
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး၊ ငွေကြေးဖောင်းပွနှုန်း၊ ငွေလဲနှုန်း စတဲ့ စီးပွားရေးကိန်းဂဏန်းကြီးတွေကနေ တိုင်းတာကြည့်ရှုနိုင်ပါတယ်။ ဒါပေမဲ့ သာမန်လူ တစ်ယောက် အတွက်တော့ စီးပွားရေးအခြေအနေကို အလွယ်ဆုံးမြင်နိုင်တဲ့နေရာက နေ့တိုင်း ထိုင်စားနေတဲ့ ထမင်းစားပွဲပေါ်မှာပဲ ဖြစ်ပါတယ်။
မုန့်ဟင်းခါးတစ်ပွဲ ဘယ်လောက်ပေးရသလဲ။
အဲဒီဈေးထဲမှာ ကြက်ဥ၊ ဘဲဥ ပါသလား။
ငါးဖယ်ပါသလား။
အကြော်တစ်ခု ထပ်ထည့်စားနိုင်သလား။
မိသားစုငါးယောက်ရှိတဲ့အိမ်မှာ လူငါးယောက်လုံး မနက်စာကို လူစေ့စားနိုင်သလား။
ဒီမေးခွန်းတွေဟာ လူတွေရဲ့ ဝယ်ယူစားသုံးနိုင်စွမ်းကို ဖော်ပြနေပါတယ်။ ၂၀၂၆ ခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွနှုန်း ၂၄.၆ ရာခိုင်နှုန်းအထိ မြင့်မားနေတယ်လို့ ကမ္ဘာ့ဘဏ်က ဖော်ပြထားပါတယ်။ ကမ္ဘာ့လောင်စာဆီဈေးကွက် မတည်ငြိမ်မှုနဲ့ ပြည်တွင်း သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် မြင့်မားလာတာတွေကလည်း အစားအသောက်ဈေးနှုန်း မြင့်တက်စေတဲ့ အကြောင်းရင်း တွေ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် မေလအတွင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ထုတ်ပြန်ချက်အရ ဆန်၊ ဆီ၊ ပဲနဲ့ ဆား ပါဝင်တဲ့ အခြေခံစားသောက်ကုန်ခြင်းတောင်းရဲ့ ဈေးနှုန်းဟာ နိုင်ငံတစ်ဝန်း ပျမ်းမျှ ၁၈ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတချို့မှာ ဒီထက်ပိုမိုမြင့်မားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ထုတ်ပြန်ချက်တွေအရလည်း လူဦးရေ ၈.၅ သန်းခန့်ဟာ ပြင်းထန်တဲ့ စားနပ်ရိက္ခာမလုံလောက်မှု ကြုံတွေ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပါဝင်ပစ္စည်းမပြည့်တဲ့ မုန့်ဟင်းခါးတစ်ပွဲနဲ့ ပကတိအရှိတရား
ငါးဈေးတက်လာရင် ငါးကို ထည့်တော့ထည့်ပေမဲ့ ပမာဏကို လျှော့လာမယ်။ ကြက်ဥ၊ ဘဲဥ ဈေးတက်လာရင် ဟင်းရည်ထဲမှာ ပုံမှန်ထည့်ချက်တာကို လျှော့ပြီး ချွေတာလာမယ်။
ဆိုင်ရှင်ဘက်ကလည်း အရှုံးခံပြီး ရောင်းလို့ မဖြစ်ဘူး။ စားသုံးသူဘက်ကလည်း ဈေးအလွန် တက်သွားရင် မဝယ်နိုင်တော့ဘူး။ အဆုံးမှာ ဖြစ်လာနိုင်တာက ဈေးကို အများကြီး မတက်စေဖို့ တစ်ပွဲစာပမာဏကို လျှော့ခြင်း၊ ပါဝင်ပစ္စည်းနည်းစေခြင်း၊ ဈေးသက်သာတဲ့ ပစ္စည်းနဲ့ အစားထိုးခြင်းတို့ ဖြစ်လာပါတယ်။
စစ်ပွဲနဲ့ လုံခြုံရေးမတည်ငြိမ်မှုကြောင့် လယ်ယာမြေတွေကို မရောက်နိုင်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်နိုင်ခြင်း၊ အရွယ်ရောက်အမျိုးသားတွေကို အတင်းအကျပ် စစ်မှုထမ်းစေခြင်းကြောင့် လုပ်သား အင်အားလျော့နည်းလာခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်း၊ စစ်ပွဲတွေကြောင့် လမ်းပန်း ဆက်သွယ်ရေး ပျက်စီးခြင်း၊ လောင်စာဈေးတက်ခြင်း၊ အလုပ်အကိုင်နဲ့ ဝင်ငွေမတည်ငြိမ်ခြင်း၊ ငွေကြေးဖောင်းပွခြင်း စတဲ့ အခြေအနေတွေဟာ လူထုရဲ့နေ့စဉ်ဘဝကို တိုက်ရိုက်ထိခိုက်နေတဲ့ ပကတိအရှိတရားတွေ ဖြစ်ပါတယ်။
ဒါကြောင့် မုန့်ဟင်းခါးထဲမှာ ငါးနည်းသွားတာဟာ “ငါးမစားချင်တော့လို့” ဖြစ်ချင်မှ ဖြစ်ပါမယ်။ ကြက်ဥမပါတာဟာလည်း “မကြိုက်လို့” ဖြစ်ချင်မှ ဖြစ်ပါမယ်။ မိသားစုဝင်ငွေနဲ့ ကုန်ဈေးနှုန်းကြားက ကွာဟချက် ပိုကြီးလာတာကြောင့် ရွေးချယ်ခွင့် ပျောက်ဆုံးသွားခြင်း ဖြစ်နိုင်ပါတယ်။ ဆရာဝန် တစ်ယောက်အနေနဲ့ ကျွန်တော်မြင်မိတာကတော့ ဒီအခြေအနေဟာ ပြည်သူလူထုရဲ့ အာဟာရ ရွေးချယ်ခွင့် ဆုံးရှုံးလာခြင်း ဖြစ်ပါတယ်
မုန့်ဟင်းခါးနဲ့ ယှဉ်တွဲစဉ်းစားသင့်တဲ့ ကျန်းမာရေးပြဿနာများ
ဆားနဲ့ ဆိုဒီယမ်ဓာတ်
မုန့်ဟင်းခါးဟင်းရည်မှာ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ အချိုမှုန့် စတာတွေ အများအပြား ပေါင်းစပ်သုံးထားရင် ဆိုဒီယမ်ဓာတ် မြင့်နိုင်ပါတယ်။ ဆိုဒီယမ်ဓာတ်ဆိုတာ ဆားထဲမှာ အဓိကပါဝင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွက် ပမာဏအနည်းငယ် လိုအပ်ပေမယ့် ရေရှည်အလွန်အကျွံ စားသုံးမိရင် သွေးပေါင်မြင့်ခြင်းနဲ့ နှလုံးသွေးကြောရောဂါ အန္တရာယ်ကို တိုးစေနိုင်ပါတယ်။ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ရဲ့ အကြံပြုချက်အရ အရွယ်ရောက်သူတစ်ယောက်ဟာ တစ်နေ့ကို ဆိုဒီယမ်ဓာတ် ၂ ဂရမ်ထက်နည်းအောင် စားသုံးသင့်ပါတယ်။ဆားားပမာဏနဲ့တွက်မယ်ဆိုရင် ၅ ဂရမ်ခန့်ထက် မပိုသင့်ပါဘူး။
ဆီနဲ့ အကြော်
အကြော်များများ၊ ဆီများများ ပါဝင်လာရင် အစားအစာကနေ ရရှိတဲ့ စွမ်းအင်ပမာဏ မြင့်လာနိုင် ပါတယ်။ အကြော်တွေမှာ ဆီအများအပြား စုပ်ယူထားတတ်တာကြောင့် မုန့်ဟင်းခါးတစ်ပွဲမှာ အကြော်ကို များများထည့်စားတာထက် အနည်းငယ်သာ ထည့်စားတာ ပိုသင့်တော်ပါတယ်။ စားအုန်းဆီ မှာ ပြည့်ဝဆီဓာတ် အတော်အသင့် ပါဝင်တာကြောင့် ပြည့်ဝဆီနဲ့ အဆီများတဲ့ အစားအစာကို များများ စားခြင်းကိုလည်း လျှော့ချသင့်ပါတယ်။
ကစီဓာတ်များလွန်းခြင်း
မုန့်ဖတ်အများကြီးစားပြီး ငါး၊ ဥနဲ့ ဟင်းသီးဟင်းရွက်တွေ နည်းလွန်းရင် မုန့်ဟင်းခါးတစ်ပွဲဟာ ကစီဓာတ်များလွန်းတဲ့ အစားအစာတစ်ပွဲ ဖြစ်သွားပါတယ်။ ဆီးချိုရှိသူတွေအတွက် မုန့်ဖတ်အများကြီး စားတာဟာ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရာမှာ မသင့်တော်နိုင်ပါဘူး။ အသားဓာတ်နဲ့ အမျှင်ဓာတ် နည်းလွန်းနေရင်လည်း အစားအစာရဲ့ အာဟာရညီမျှမှုကို ထိခိုက်စေနိုင်ပါတယ်။
အစားအစာသန့်ရှင်းရေး
မသန့်ရှင်းတဲ့ရေ၊ မလတ်ဆတ်တဲ့ငါး၊ အပူချိန်မှန်မှန်မထိန်းထားတဲ့ ဟင်းရည်တို့ကြောင့် အစားအစာမှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့ရေနဲ့ ချက်ပြုတ်ခြင်း၊ အစားအစာကို ကျက်အောင်ချက်ခြင်း၊ ပူပူနွေးနွေးစားခြင်း၊ ပါဝင်ပစ္စည်းတွေကို စနစ်တကျ သိမ်းဆည်းထားခြင်းနဲ့ စားသောက်ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းခြင်းတို့ကလည်း အရေးကြီးပါတယ်။
ကျန်းမာရေးနဲ့ ပိုညီညွတ်တဲ့ မုန့်ဟင်းခါးတစ်ပွဲ ဘယ်လိုဖြစ်သင့်သလဲ
မုန့်ဟင်းခါးကို စွန့်ပစ်စရာ မလိုပါဘူး။ မုန့်ဖတ်ကို လိုအပ်တာထက် အများကြီးမထည့်ဘဲ ငါးပမာဏကို လုံလောက်အောင် ထည့်ချက်တာ ပိုကောင်းပါတယ်။ ဖြစ်နိုင်ရင် ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံး ထည့်စားနိုင်ပါတယ်။ ငှက်ပျောအူ၊ ပဲသီး၊ ကြက်သွန်၊ နံနံပင် စတဲ့ အပင်ထွက်ပါဝင်ပစ္စည်းတွေကိုလည်း လျှော့မပစ်သင့်ပါဘူး။
ဟင်းရည်ကို အလွန်အမင်းငန်အောင် မချက်ဘဲ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်နဲ့ အချိုမှုန့်ကို သင့်တင့်တဲ့ပမာဏသာ သုံးတာက ပိုကောင်းပါတယ်။ ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်း ဒါမှမဟုတ် နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူတွေဆိုရင် မုန့်ဖတ်ပမာဏ၊ ဟင်းရည်အငန်နဲ့ အကြော်ပမာဏကို အထူးဂရုစိုက်သင့်ပါတယ်။
ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ရဲ့ အခြေအနေကို ကြည့်တဲ့အခါ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်၊ အသက်ရှူနှုန်း စတဲ့ အခြေခံကျန်းမာရေးလက္ခဏာတွေ (vital signs) ကို ကြည့်ပါတယ်။ အဲဒီလိုပဲ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ကျန်းမာရေးအခြေအနေကို ကြည့်ချင်ရင်လည်း လူတွေ ဘာစားနိုင် သလဲ၊ ဘယ် လောက်စားနိုင်သလဲ၊ အာဟာရပြည့်အောင် စားနိုင်သလား ဆိုတာကို ကြည့်ရပါတယ်။ ဆေးပညာမှာ ဒီလိုလက္ခဏာတွေကို vital signs လို့ ခေါ်ပါတယ်။
အဲဒီလိုပဲ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ကျန်းမာရေးအခြေအနေကို ကြည့်ချင်ရင်လည်း လူတွေ ဘာစားနိုင် သလဲ၊ ဘယ်လောက်စားနိုင်သလဲ၊ အာဟာရပြည့်အောင် စားနိုင်သလား ဆိုတာကို ကြည့်ရပါတယ်။
ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင် ၁၉၉၆ ခုနှစ်မှာ ရေးသားခဲ့တဲ့ “Breakfast Blues” ရဲ့ အဓိကအကြောင်းအရာဟာ “မုန့်ဟင်းခါးဈေးတက်သွားတယ်” ဆိုတဲ့အကြောင်းတစ်ခုတည်း မဟုတ်ခဲ့ ပါဘူး။ ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အခါ လူတွေရဲ့ စားသောက်နိုင်ခွင့်၊ လုံလောက်တဲ့ အာဟာရ ရရှိနိုင်ခွင့်နဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာကို ရွေးချယ်နိုင်ခွင့်တွေ ဘယ်လောက်အထိ လျော့နည်းသွားသလဲဆိုတာ ဖြစ်ပါတယ်
ဒီနေ့မှာလည်း အဲဒီမေးခွန်းဟာ အဓိပ္ပါယ်ရှိနေဆဲပါပဲ။ မုန့်ဖတ်တော့ ရှိသေးတယ်၊ ဟင်းရည်တော့ ရှိသေးတယ်၊ ဒါပေမဲ့ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်နဲ့ အာဟာရတွေ တဖြည်းဖြည်း ပျောက်ဆုံးသွား တယ်ဆိုရင် အဲဒါဟာ မုန့်ဟင်းခါးတစ်ပွဲ ဆင်းရဲသွားတာတင် မဟုတ်ပါဘူး။ လူတွေရဲ့ ဘဝအရည်အသွေး ဆင်းရဲသွားတယ် ဆိုတာကိုပါ ပြောပြနေတာပါ။
နိုင်ငံတစ်နိုင်ငံ တကယ်ဖွံ့ဖြိုးတိုးတက်နေသလားဆိုတာ အဆောက်အအုံအမြင့်ကြီးတွေ၊ စီးပွားရေး ကိန်းဂဏန်းကြီးတွေကနေတင် မတိုင်းတာသင့်ပါဘူး။ သာမန်မိသားစုတစ်စုဟာ မနက်အိပ်ရာ ထလာတဲ့အခါ ဗိုက်ပြည့်ရုံသာမက အာဟာရပြည့်ဝတဲ့ နံနက်စာတစ်နပ်ကို စိတ်ပူပန်မှုမရှိဘဲ စားနိုင်သလား ဆိုတာနဲ့လည်း တိုင်းတာရပါမယ်။ မုန့်ဟင်းခါးတစ်ပွဲဟာ အစားအစာတစ်ပွဲသာ ဖြစ်ပေမဲ့ တစ်ခါတစ်ရံ နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုဘဝအခြေအနေကို ပြသနေတဲ့ မှန်တစ်ချပ် ဖြစ်ပါတယ်။
နောက်တစ်ပတ်မှာတော့ အယ်လ်နီညိုလို ပူပြင်းခြောက်သွေ့စေတတ်တဲ့ ရာသီဥတုဖြစ်စဉ်နဲ့ အပူလှိုင်း တွေကြောင့် ဘယ်လိုကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရနိုင်သလဲ ဆိုတာကို ဆက်လက်ဖော်ပြ ပေးသွားပါမယ်။ စာဖတ်ပရိသတ်အားလုံးလည်း အာဟာရပြည့်ဝစွာ စားသုံးနိုင်ပြီး ကျန်းမာကြပါစေ။