ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းကို ယနေ့ အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် ရွေးတုအစိုးရစစ်တပ်က ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေရှောင် ပြည်သူ ခြောက်ဦးသေဆုံးကာ ဒဏ်ရာရရှိသူများရှိပြီး နေအိမ်နှင့် ဈေးဆိုင်များ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများနှင့် အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာနှင့် ယိုးငူကျေးရွာကြားရှိ “ယိုးငူ (ဗျာလ) စစ်ဘေးရှောင်စခန်း” ကို ယနေ့ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးသုံးကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ တိုက်ခိုက်ခဲ့သည့်အတွက် စခန်းအတွင်းရှိ နေအိမ်များနှင့် ဈေးဆိုင်အများအပြား မီးလောင်ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူများ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း AA က ထုတ်ပြန်ထားသည်။

 

“စစ်ဘေးရှောင် ခြောက်ဦးသေဆုံးတယ်။ ထပ်တိုးလာနိုင်သေးသည်” ဟု ရခိုင်လူမှုကူညီရေး လုပ်ဆောင်နေသူ စာရေးဆရာ ဝေဟင်အောင်က အတည်ပြု ပြောကြားသည်။

 

အဆိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းအတွင်း နေထိုင်သည့် ပြည်သူ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၁၀ ဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူများကို ဆေးကုသမှုခံယူနိုင်ရန် အရေးပေါ် ပို့ဆောင်ပေးထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်းအတွင်း ပျက်စီးသွားသည့် နေရာများ၌ ရုပ်အလောင်းများကို ရှာဖွေရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သဖြင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် ထပ်မံမြင့်တက်လာနိုင်ခြေ ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့၊ အိန္ဒိယဈေး ဗုံးကြဲခံရမှုအတွင်း လူအစုလိုက်အပြုံလိုက် သေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ဒုတိယမြောက် ထပ်မံ၍ အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးရခြင်း ဖြစ်သည်။

 

ရွေးတုအစိုးရစစ်တပ်၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည့် လုပ်ရပ်များကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးနှင့် ယူကေအစိုးရအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများစွာက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချနေသော်လည်း ရခိုင်ပြည်နယ်အပါအဝင် အခြားနယ်မြေများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်တပ်က ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။

 

ဓာတ်ပုံ – AA Info Desk