ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ရက်
ရခိုင်ပြည်နယ်၊ အဝတောင်-စနဲ လမ်းကြောင်းတွင် ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်၏ ရေတပ်စခန်းအနီးရှိ လက်ကျန်တပ် မိသားစုများကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း သိရသည်။
အဝတောင်-စနဲ လမ်းကြောင်းတွင် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်က ရွေးတုအစိုးရစစ်တပ်က စစ်ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း အာရက္ခတပ်တော် (AA) ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် စစ်ကြောင်းများ ဆုတ်ခွာခဲ့ရသည်။ အလားတူ စက်တင်ဘာ ၂၈ ရက် ကလည်း စစ်တပ်က တကျော့ပြန်ထိုးစစ်ကို ထပ်မံဖော်ဆောင်ခဲ့ရာမှ တိုက်ပွဲများ စတင်ပြင်းထန် လာခဲ့ခြင်းဖြစ်သည်။
“မနေ့က ညနေကတည်းက ရွှေ့နေတာပါ။ စက်လှေနဲ့ ရွှေ့နေတာလို့ သိရပါတယ်” ဟု ရခိုင်သတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့နောက် အောက်တိုဘာ ၂ ရက်နေ့တွင် တောင်မော်ဦးရေတပ်ဌာနရှိ စစ်တပ်၏ ကာကင်းများကို AA က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ရာ တိုက်ပွဲမှာ ယနေ့အထိ ပြင်းထန်လျက်ရှိသည်။ ထို့အပြင် ရေတပ်စခန်းအတွင်းသို့ပါ လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုများ ရှိလာသော ကြောင့် ယမန်နေ့ အောက်တိုဘာ ၃ ရက် ညနေပိုင်းတွင် တောင်မော်ဦးမှ လက်ကျန်စစ်တပ် မိသားစု များကို ဓညဝတီရေတပ်ဌာနချုပ်သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၄ ရက်အတွင်း တောင်မော်ဦးတိုက်ပွဲများ ပြင်းထန်ခဲ့စဉ်ကလည်း စစ်တပ်မိသားစုများအား ကျောက်ဖြူမြို့ပေါ်ရှိ တပ်ရင်းများနှင့် ဓညဝတီရေတပ်ဌာနချုပ်သို့ အလားတူ ရွှေ့ပြောင်းပေးခဲ့ရဖူးကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်က ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က တောင်မော်ဦးရေတပ်အနီး၊ စနဲလမ်း ကြောင်း၊ မျှောချောင်းနှင့် ပတ်ဝန်းကျင်ဒေသများကို ဂျက်ဖိုက်တာ၊ Y-12 တို့ဖြင့် အကြိမ် ၂၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။