ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်
နိုဝင်ဘာ ၃ ရက် သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်မီ မဲဆန္ဒရှင် သက်ကြီးပြည်သူ သန်း ၂၀ ကျော်ကို Medicare ကျန်းမာရေး အာမခံကြေးအဖြစ် တစ်ဦးလျှင် ဒေါ်လာ ၉၀ စီ ထောက်ပံ့ပေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကတိပြုလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှတစ်ဆင့် အခုလို ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့လကလည်း ACA ကျန်းမာရေး အာမခံစနစ်အတွက် လူ ၁ သန်းကို ဒေါ်လာ ၅၀၀ စီ ထုတ်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ သက်တမ်းဝက် ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်ပါတီက လွှတ်တော်နှစ်ရပ်လုံးကို ဆက်လက် ထိန်းချုပ်နိုင်ရင် အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသားတိုင်းကို ဒေါ်လာ ၅,၀၀၀ စီ ပေးမယ်လို့ ၎င်းက မဲ ဆွယ်စည်းရုံးခဲ့ပါတယ်။
ကွန်ဂရက်ရဲ့ အတည်ပြုချက် လိုအပ်တဲ့ အဆိုပါ ကတိကဝတ်ဟာ ဒေါ်လာ ၁ ထရီလီယံကျော် ကုန်ကျနိုင်ပြီး ဘတ်ဂျက်လိုငွေပြမှုကို မြင့်တက်စေကာ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ပိုမို ဆိုးရွားစေ နိုင်ပါတယ်။ ဒေါ်လာ ၅,၀၀၀ ပေးမယ့်ကတိကို ဒေါ်နယ်ထရမ့်က ထပ်လောင်းပြောဆိုခဲ့ပြီး အိုဟိုင်းယိုးပြည် နယ်ရှိ မိသားစုပေါင်း ၇၀,၀၀၀ က လာမယ့်ရက်ပိုင်းအတွင်း ACA ထောက်ပံ့ငွေတွေကို ရရှိမယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်သူတွေကြား ဓာတ်ဆီနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုအတွက် ဒေါ်နယ်ထရမ့်အပေါ် အပြစ် တင်မှုတွေ ရှိနေပြီး ကုန်ဈေးနှုန်း ထိန်းချုပ်နိုင်မှုအပေါ် ထောက်ခံမှု ၁၇ ရာခိုင်နှုန်းသာ ရှိပါတယ်။
သက်ကြီးပြည်သူ ၂၀ သန်းကျော်အတွက် ထောက်ပံ့ကြေးကို ၂၀၀၈ ခုနှစ်မှာ ကွန်ဂရက်က မတည် ခဲ့တဲ့ Medicare Improvement Fund မှ သုံးစွဲသွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ အဆိုပါ ကျန်းမာရေး အစီအစဉ်အရ သတ်မှတ်ချက် ပြည့်မီတဲ့ သက်ကြီးပြည်သူတွေဟာ အောက်တိုဘာလ အတွင်း တိုက်ရိုက် ငွေလွှဲမှု သို့မဟုတ် ချက်လက်မှတ်နဲ့ ငွေရရှိကြမှာ ဖြစ်ပါတယ်။
အခြားအစိုးရ အထောက်အပံ့ ရရှိထားသူတွေနဲ့ ပုဂ္ဂလိက Medicare Advantage အစီအစဉ်မှာ ပါဝင်ထားတဲ့ သက်ကြီးပြည်သူတွေကတော့ ယခု ထောက်ပံ့ကြေးကို ရရှိမှာ မဟုတ်ပါဘူး။ အမေရိကန် အစိုးရအဆက်ဆက်က Medicare ရန်ပုံငွေကို ယခုလို မသုံးစွဲခဲ့ကြပေမယ့် ဥပဒေအရ အစိုးရအဖွဲ့ကို ကျယ်ပြန့်စွာ သုံးစွဲခွင့်အာဏာ ပေးအပ်ထားပါတယ်။
လာမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုရရှိဖို့ ဒေါ်နယ်ထရမ့်အစိုးရရဲ့ ဘတ်ဂျက် သုံးစွဲမှု အစီအစဉ်တွေအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
News: AP
Ref; Trump promises Medicare payments for seniors costing over US$1 trillion ahead of midterm elections