ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

 

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းအသီးသီးမှ စစ်သင်္ဘောများဖြင့် ပြန်လည်လွှဲပြောင်းလိုက်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ပထမအသုတ်သည် ယနေ့ အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်တိုင်း၊ သန်လျင်ရေတပ်စခန်းသို့ ရောက်ရှိလာခဲ့ပြီး လက်ခံရေးနှင့် စိစစ်ရေး လုပ်ငန်းစဉ်များကို သန်လျင် မြို့နယ်ရှိ သာသနာ့ဗိမာန်၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

စစ်သင်္ဘောပေါ်မှ ဆင်းလာသူများကို သန်လျင်ရေတပ်စခန်းမှတစ်ဆင့် သာသနာ့ဗိမာန်သို့ ခေါ်ဆောင်ကာ စိစစ်မှုများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ရေတပ်စခန်းအပြင်ဘက်တွင်မူ မလေးရှားမှ ပြန်လည် လွှဲပြောင်းခြင်းခံရသည့် မိသားစုဝင်များ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ စွာဖြင့် လာရောက်စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

ရွေးတုအစိုးရစစ်တပ်က စစ်မှုထမ်းရန် ပစ်မှတ်ထားခေါ်ယူမည်ကို စိုးရိမ်၍ ပြည်ပသို့ ထွက်ခွာခိုလှုံ နေကြသူများနှင့် စီးပွားရေး ကျပ်တည်းမှုကြောင့် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် သွားရောက် လုပ်ကိုင်နေကြရသည့် မြန်မာနိုင်ငံသား အများအပြားရှိသည့်အနက် အထောက်အထားမဲ့ သူများကို မလေးရှားအာဏာပိုင်များက ဖမ်းဆီ ယခုကဲ့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

 

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းစခန်းအသီးသီးမှ မြန်မာနိုင်ငံသား ၅,၀၀၀ ကျော်အနက် ပထမအသုတ် ဖြစ်သော ၁,၄၇၆ ဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က မလေးရှားနိုင်ငံ၊ လူမွတ် ဆိပ်ကမ်းမှစတင်ကာ စစ်သင်္ဘော သုံးစီးဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြ ထားသည်။

 

ထိုသို့ လွှဲပြောင်းလက်ခံသည့် ကိစ္စရအ်များတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ ဆောင်ရွက်နေခြင်းကြောင့် ပြန်လည်ပါလာသူများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်အတွက် များစွာစိုးရိမ်ရပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အရွယ်ရောက်သူများကို စစ်မှုထမ်းခေါ်ယူမည်ဟု သတင်းများလည်း ထွက်ပေါ် နေသည့်အတွက် မိသားစုများက စိုးရိမ်၍ လာရောက် စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ-AFP