ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်
အရှေ့အလယ်ပိုင်းဒေသမှာ လအတော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘော USS George H.W. Bush ဟာ တပ်ဖွဲ့ဝင် ၄,၈၀၀ ခန့်နဲ့အတူ အနားယူဖို့ တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံ ဖူးခက်ကျွန်းကို ဆိုက်ရောက်လာပါတယ်။
အဆိုပါ Nimitz-class လေယာဉ်တင်သင်္ဘောဟာ အီရန်နဲ့ တင်းမာမှုတွေ ဖြစ်ပွားနေစဉ် အာရေဗျ ပင်လယ်ပြင်မှာ စစ်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့တာလို့ သိရပါတယ်။
USS George H.W. Bush ဟာ ပင်လယ်ပြင်မှာ ရပ်နားထားမှာဖြစ်ပြီး သင်္ဘောပေါ်ပါ တပ်ဖွဲ့ဝင်တွေဟာ ဖူးခက်ဆိပ်ကမ်းမှတစ်ဆင့် ကမ်းပေါ်သို့ တက်ရောက်ကာ အောက်တိုဘာ ၄ ရက်မှ ၉ ရက်နေ့အ ထိ အနားယူကြမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်ပါ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln ဟာ ထိုင်းနိုင်ငံအရှေ့ပိုင်း လန်ချာဘန်ဆိပ်ကမ်းမှာ ၅ ရက်ကြာ ဆိုက်ကပ်ခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးက တစ်ရက်လျင် ထိုင်းဘတ်ငွေ ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၈၉ ဒေါ်လာ ခန့်) အထိ သုံးစွဲနိုင်ကြောင်း ဒေသန္တရ မြို့တော်ဝန်တစ်ဦးရဲ့ ခန့်မှန်းချက်ကို အခြေခံပြီး ဖော်ပြပါတယ်။ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းမှာ အမေရိကန်ရဲ့ တစ်ခုတည်းသော သဘောတူ စာချုပ်ပါ မဟာမိတ်နိုင်ငံ ဖြစ်ပါတယ်။
အမေရိကန် စစ်သင်္ဘောတွေ ဆိုက်ရောက်မှုဟာ နှစ်နိုင်ငံ စစ်ရေးနဲ့ သံတမန်ရေး ချစ်ကြည်ရင်းနှီးမှုကို ပိုမို ခိုင်မာစေပါတယ်။ဒေသတွင်း ခရီးသွားလုပ်ငန်းနဲ့ ဒေသခံတွေရဲ့ စီးပွားရေးအတွက်လည်း ထိရောက်တဲ့ အကျိုးအမြတ်တွေ ရရှိစေမှာဖြစ်ပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ဖူးခက်ကျွန်းရဲ့ ထင်ရှားသော အပန်းဖြေစခန်းတွေနဲ့ အထင်ကရ နေရာ များကို လည်ပတ်သွားကြမှာဖြစ်ပါတယ်။ အနားယူကာလပြီးစီးပါက လေယာဉ်တင်သင်္ဘောဟာ နောက်ထပ် စစ်ရေးတာဝန်တွေကို ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
News: Reuters
Ref; US carrier George H.W. Bush visits Thailand after Middle East deployment