ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ရက်
ရခိုင်ပြည်နယ်အတွင်း တပ်စခန်းနှင့် ဌာနချုပ် အများအပြား လက်လွှတ်လိုက်ရပြီးနောက် စစ်တွေမြို့ အထိ တိုက်ပွဲများ ပြန်လည်ကူးစက်လာသဖြင့် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ထိုးစစ်တွင် အဓိကအသုံး ပြုနေသည့် တိုက်ခိုက်ရေး တပ်မ (၁၀၁) ၏ တပ်မမှူးကိုပါ တိုက်ပွဲပြင်းထန်ရာ ရှေ့တန်းနေရာသို့ ပို့လွှတ်ကာ ကိုယ်တိုင်ဦးစီးခိုင်းနေရသည်အထိ စစ်ရေးအရေးနိမ့်လာသည့် အခြေအနေကြုံတွေ့ နေရ ကြောင်း သိရသည်။
စစ်တွေမြို့၊ ပါဒလိတ်ကျေးရွာ၊ ပညာရေးလေးကျင့်ရေးတပ် ပညရ-၁၀ ကျောင်းမှနေ၍ လက်နက် ကြီးဖြင့် ကူပစ်ပေးနေရသည့် တပ်မ (၁၀၁) တပ်မမှူးကို နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇော (စတသ – ၄၃) က အမြင့်ကျွန်းကျေးရွာအထိ ရှေ့တန်းကျကျ ကိုယ်တိုင်ဆင်း၍ ဦးစီးခိုင်းရန် စီစဉ်လာခြင်း ဖြစ်သည်။
“ဗိုလ်မှူးချုပ် အဆင့်ရှိတဲ့ တပ်မမှူးကို ရှေ့တန်းကျတဲ့နေရာမှာ ဦးစီးခိုင်းနေပြီဆိုတော့ ဒူးထောက် မြင်ရမလား၊ ပက်လက်မြင်ရမလား” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

တပ်မ (၁၀၁) ၏ လက်အောက်ခံ တပ်ရင်း ၁၀ ရင်း၊ စစ်တွေအခြေစိုက် တပ်ရင်း ၂ ရင်းအပြင် ဒရုန်း တပ်ဖွဲ့နှင့် စစ်သင်္ဘောများမှ ပစ်ကူများပါသုံးကာ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ထိုးစစ်ကို ရွေးတုအစိုးရ စစ်တပ်က အင်အား ၁,၅၀၀ ကျော်ဖြင့် စတင်တိုက်စစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တပ်၏ တပ်စခန်းဌာနချုပ် ၈၇ ခုအနက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် တပ်ဌာနချုပ် ၅၆ ခု ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ လက်ရှိတွင် စစ်တွေနှင့် ကျောက်ဖြူ တပ်နယ်အတွင်း၌ ကြည်းတပ် ၂၁ တပ်နှင့် ဓညဝတီရေတပ်ဌာနချုပ် အပါအဝင် ရေတပ်စခန်းဌာနချုပ် ၁၀ တပ် စုစုပေါင်း တပ်ရင်းဌာနချုပ် ၃၁ ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။
စက်တင်ဘာ ၄ ရက်က စတင်ခဲ့သော ပုဏ္ဏားကျွန်း တိုက်ပွဲမှာ ယနေ့ အောက်တိုဘာ ၄ ရက်တွင် တစ်လတိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ကာ တိုက်ပွဲများမှာ စစ်တွေမြို့အတွင်းသို့ပါ ပြန်လည်ဦးတည် ရောက်ရှိလာခဲ့ပြီး တပ်မ (၁၀၁) နှင့် နယ်မြေခံတပ်ရင်းများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက် နေသော်လည်း စစ်တပ်ဘက်မှ အထိနာလျက်ရှိသည်။
ထို့ပြင် ရွှေမင်းဂံ၊ ဝါဘိုနှင့် မင်းချောင်းတံတား တစ်ဖက်ကမ်းရှိ ခြေကုပ်စခန်းများကိုပါ လက်လွှတ် ခဲ့ရပြီးနောက် ယခုအခါ ကံ့ကော်ကျွန်းရှိ စခန်းများပါ တိုက်ခိုက်ခံနေရကာ ကာကင်းနှင့် ခြေကုတ်စခန်း ကိုးခုအထိ ရွေးတုအစိုးရစစ်တပ်က ဆက်လက် လက်လွှတ်ဆုံးရှုံးထားရသည်။
အာရက္ခတပ်တော် (AA) သည် ခေါင်ထိ အကုန်စား ဗျူဟာဖြင့် အပြတ်အသတ် တိုက်စစ်ဆင်လေ့ရှိသည့် အတွက် ယခုကဲ့သို့ ရှေ့တန်းဆင်း၍ ကိုယ်တိုင်ဦးစီးနေရသည့် ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မမှူး၏ ဖြစ်တည်မှုအခြေအနေကိုလည်း အထူးစောင့်ကြည့်ရမည့် အနေအထားတွင် ရှိနေသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
ဓာတ်ပုံ-လူမှုကွန်ရက်၊